လျင်မြန်သွက်လက်တဲ့ လူ့ယန္တရား

(တစ်)

တစ်ခါက ရန်ကုန်တက္က သိုလ် မြန်မာစာဌာနမှာ အခမ်း အနားကလေးတစ်ခုလုပ်တော့ နိုင်ငံခြား ကျောင်းသား၊ ကျောင်း သူကလေးတွေကိုပါ သူတို့နဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ ထူးချွန်ဆုကလေးတွေပေးပို့ အစီ အစဉ်ကလေး ထည့်သွင်းထားပါ တယ်။ အဲဒီမှာ ဂျပန်နိုင်ငံက ပညာသင်ရောက်လာတဲ့ ကျောင်း သား၊ ကျောင်းသူတွေလည်း ပါ တယ်လို့ ဆိုပါတော့။ ဂျပန်တွေ ထူးချွန်ကြတာက အမျိုးမျိုးပါ။ လက်ရေးလှတာ၊ စာအရေးအ သားကောင်းတာ၊ စာဖတ်စွမ်း ရည်မြင့်တာဆိုတာမျိုးတွေလို့ပဲ ဆိုပါတော့။

သူတို့ကို ဆုလက်ခံယူဖို့ အ ခမ်းအနားရှေ့ကို ခေါ်ထုတ်တဲ့အ ခါ ဧည့်ပရိသတ်တွေထဲကနေ ရယ်သံကလေးတချို့ ထွက်ထွက် ပြီးလာပါတယ်။

သရော် လှောင်ပြောင်တဲ့ ရယ်မောသံမျိုး မဟုတ်ပါဘူး။ ချစ်ခင်ရင်းနှီးပြီး သဘောကျတဲ့ ရယ်မောသံမျိုးပါ။ ဆုပေးသူရှိရာ ဆီ သူတို့အရောက်သွားပုံ၊ ကိုယ့် နေရာ ကိုယ်ပြန်လာပုံတွေက ကိုယ့်လူမျိုးတွေနဲ့ ကွာခြားလှတယ်မဟုတ်လား။

မြင်သာအောင် ပြောရရင် နှေးနှေးကွေးကွေးနဲ့ ဟန်ကြီးထုတ်ကာ တစ်လှမ်းချင်းသွားနေတာ မျိုးမဟုတ်ပါဘူး။ သားပိုက် ကောင်တွေ ခုန်ခုန်ပြီး ရှေ့ကို သွားသလိုမျိုး ခပ်သွက်သွက် ခပ် မြန်မြန်နဲ့ သွားကြတာမျိုးပါ။ မြန်မာ့မျက်လုံးထဲမှာ တွေ့မြင်နေ ကျမဟုတ်တဲ့ ခြေလှမ်းမျိုးပေါ့။ ဒါကြောင့် အမြင်ဆန်းပြီး ကျိတ် ရယ်နေကြတာပါ။

ကိုယ်လည်း အချစ်စိတ်နဲ့ ရယ်မိတာပဲပေါ့။ ဒါပေမဲ့ စိတ်ထဲ ကတော့ ကျိတ်ပြီး ချီးမွမ်းမိတာက ဖြင့် အမှန်ပါ။ သူတို့အမျိုးသား တွေရဲ့ လျင်မြန်သွက်လက်တဲ့ အမျိုးသားစရိုက်လက္ခဏာကိုပါ။ ဟုတ်ပါရဲ့။ ဂျပန်က သွက်တာ ကိုး။

ဂျပန်ကိုရောက်ခဲ့ရင် ဘယ် နေရာကိုပဲ ကြည့်လိုက်ကြည့် လိုက် လူ့ယန္တရားကြီး ခပ်သွက် သွက် ခရီးနှင်နေပုံကို တွေ့ပါလိမ့် မယ်။ လူငယ်လူရွယ်တွေဟာ လမ်းတွေပေါ်မှာ အသော့နှင်နေ ကြတာပါ။ ရထားဘူတာရုံရှိရာ ဆီ သွားနေသူက အပြေးတစ်ပိုင်း၊ ဘတ်စ်ကားမှတ်တိုင်ဆီ သွားနေ သူက အပြေးတစ်ပိုင်း၊ လုပ်ငန်း ခွင်ရှိရာဆီ သွားနေသူက အပြေး တစ်ပိုင်း။

တစ်ရက် နာရီကလေးကို ကြည့်ကာကြည့်ကာနဲ့ ဘူတာရုံ ဘက်ဆီ ဦးတည်လို့ ခပ်ပြေးပြေး ကလေး လမ်းလျှောက်သွားနေသူ ကို မေးမိပါတယ်။ သူက အခုလာ မယ့် ရထားကိုမီအောင်လို့တဲ့ခင် ဗျ။ ကျွန်တော်က အခု ရထားမမီ ရင် နောက်ရထားကျမှစီးလို့ မရ ဘူးလားပေါ့။ သူက သိပ်နောက် ကျသွားမယ်တဲ့။ သိပ်နောက်ကျ သွားရအောင် နောက်ရထားက ဘယ်လောက်ကွာပြီးမှ ရောက် လာမှာတုန်းလို့ဆိုတော့ နောက် ထပ်သုံးမိနစ်တဲ့။

မြတ်စွာဘုရား။ သူတို့ သုံး မိနစ်နောက်ကျတာကို မစောင့် နိုင်ကြပါလား။ ဟုတ်ပါတယ်။ တိုကျိုကိုပတ်တဲ့ မြို့ပတ်ရထား တွေက သုံးမိနစ်ကိုတစ်စီး မှန်မှန် ကန်ကန် တိတိကျကျပတ်နေတာ ပါ။ ဒါကို ဂျပန်လူငယ်တွေ မစောင့်နိုင်ပါဘူး။ ခုရထားဆို ခုရထားပါ။ နောက်လာမယ့် သုံး မိနစ်အကွာက ရထားကို သူတို့ မစောင့်ချင်ပါဘူး။ ဒါကြောင့် ဂျပန်လမ်းတွေပေါ်မှာ ခြေလှမ်း အများစုက ပြေးနေကြတာကိုး။

ဂျပန်ရောက် တပည့်တစ် ယောက်က လုပ်ငန်းခွင်ထဲကနေ ဖုန်းလှမ်းဆက်တဲ့အခါ ဆရာတဲ့ အခု သုံးမိနစ်ပြောပြီးရင် ချလိုက် မယ်တဲ့။ ညနေ အလုပ်ပြီးမှ အေး အေးဆေးဆေး ပြန်ဆက်မယ်တဲ့။ အခုအလုပ်လုပ်ဆဲအချိန်ကြီးမို့လို့ တဲ့။ ဆိုလိုတာက သူတို့ လူ့ယန္တ ရား လည်ပတ်နေပုံက ခပ်သွက် သွက်ဆိုတာကို ပြောချင်တာပါ။

၁၉၄၅ မှာတုန်းက အဏုမြူ ဗုံးနှစ်လုံးနဲ့ စစ်ရှုံးခဲ့ရတဲ့ ဂျပန်နိုင်ငံ ဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အ ခါ ပြာပုံပါ။ ငါးထမင်းကို တစ်နေ့ တစ်နပ်ပဲစားရတဲ့ နိုင်ငံအဖြစ်ကို ကျရောက်သွားခဲ့ရတာပါ။ ဒါပေ မဲ့ ၁၉၆၀ ကိုရောက်တော့ အာရှ မှာ ကျားဖြစ်သွားခဲ့ရပါတယ်။ ဆယ့်ငါးနှစ်လောက်နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း ရှေ့ကိုရောက်သွားခဲ့ရတာ ဟာ သူတို့လူမျိုးရဲ့ သွက်လက် မြန်ဆန်ခြင်းပါပဲ။

(နှစ်)

အခုနိုင်ငံတကာ မျက်နှာစာ မှာ နည်းနည်းကလေး ‘စွာ’လာတဲ့ တောင်ကိုရီးယားနိုင်ငံဟာ အရင် က ဆင်းရဲဒုက္ခရောက်ခဲ့တဲ့ နိုင်ငံ ပါ။ ရင်းနှီးခင်မင်သူ ကိုရီးယားလူ မျိုးတွေနဲ့ စကားပြောတိုင်းမှာ ဆရာတို့ ဆင်းရဲတယ်ဆိုတာ ကိုရီးယားက ရယ်တာပေါ့တဲ့။ ငတ်ကို ငတ်ခဲ့တာပါတဲ့။

၁၉၉၀ အလွန်နှစ်တွေက စလို့ Korean Wave လို့ခေါ်တဲ့ ကိုရီးယားလှိုင်းတွေနဲ့အတူ နိုင်ငံ ကို မောင်းနှင်လိုက်တဲ့အခါ အခု တော့ ကျွန်တော်တို့ ငေးကြည့်ရ တဲ့ နိုင်ငံပေါ့။ ၁၉၆၀ တုန်းက သာမန်နိုင်ငံ ကိုရီးယားဟာ အခု အံ့ဖွယ်ကိုရီးယားပေါ့။ အဲဒါ Sense of  Urgency ကြောင့်လို့ ပြောပါတယ်။ နိုင်ငံသားတွေရဲ့ အလျင်လိုတဲ့ စိတ်တဲ့။ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်နဲ့ ခရီးနှင်ချင်တဲ့ လိပ်ပြာနိုးနေခဲ့ခြင်းလို့ ဆိုပါ့လား။

(သုံး)

တစ်ရက်  ရန်ကုန်လေဆိပ် ထဲမှာ စက်လှေကားကနေ တက် ခဲ့တော့ မြန်မာ့ထုံးစံကိုယ်က အေး အေးဆေးဆေးပဲပေါ့။ ဒါပေမဲ့ စက်လှေကားတက်နေတာကို နှေးတယ်ထင်တဲ့ နိုင်ငံခြားသားတစ် ယောက်က ကိုယ့်ကို ဘေးနည်း နည်းဖယ်ဖို့ပြောကာ ရွေ့နေတဲ့ စက်လှေကားပေါ်ကနေ ထပ်ပြီး ခပ်သွက်သွက်ပြေးတက်သွားခဲ့ပါ လေရဲ့။

စင်ကာပူမှာ ဒီတိုင်းပါပဲ။ စက်လှေကားနဲ့ အတက်အဆင်းလုပ်တဲ့အခါ ညာဘက်ကို နည်းနည်းကပ်ပေးထားရပါတယ်။ ပိုပြီးမြန်ဖို့လိုတဲ့ လူတွေပြေးတက် သွားဖို့ရာ လမ်းပေးထားရတယ်လို့ဆိုပါတော့။ သူတို့ဆီမှာက စက်လှေကားတွေက အထက်အောက်တွေရော၊ ဘေးတိုက်တွေရော ရွေ့လျားနေတဲ့အခါ အဲသည့်အပေါ်ကနေ လူတွေ ထပ်ဆောင်းလို့ လျှောက်လှမ်းသွားနေကြတာတွေကို တွေ့ဖူးကြမှာပါ။ မြန်မြန်ဆိုတဲ့ စိတ်ပေါ့။

ဂျပန်နိုင်ငံမှာ ဂျပန်လူငယ် တွေ ကော်ဖီဘူး၊ လက်ဖက်ရည် ဘူးကလေးတွေ ကိုယ်စီနဲ့ ခရီးနှင် နေကြတာကို တွေ့ဖူးကြမှာပါ။ လမ်းဘေးက ရောင်းသူမဲ့ဆိုင်က လေးတွေဆီမှာ ပိုက်ဆံထိုးထည့် ပြီး ကြိုက်တဲ့ဘူးကို ယူသောက် လာကြတာပါ။ လက်ဖက်ရည် ဆိုင်မှာ ထိုင်မသောက်ပါဘူး။ ထိုင်စရာဆိုင်လည်း မရှိပါဘူး။ ကြာ ပါတယ်ဆိုတဲ့ စိတ်ပေါ့။ မြန်မြန် ကလေးဆိုတဲ့ စိတ်ပေါ့။

မလေးရှားတို့၊ ဩစတြေးလျတို့ ရောက်တဲ့အခါ လမ်းပေါ်မှာ၊ မြို့အဝင်အထွက်မှာ၊ ဈေးအဝင် အထွက်မှာ၊ လူနေတိုက်ခန်း အ ဝင်အထွက်မှာ၊ ကားအဝင်အ ထွက် မောင်းတံတင်တာ၊ ချတာ ကအစ လူမထားတော့ဘဲ ကွန်ပျူ တာစနစ်တွေနဲ့ ကားနံပါတ်ကို လှမ်းဖတ်ကာ ခပ်သွက်သွက်တင် ချဖွင့်ပိတ်လုပ်နေတာကို မြင်ရ တော့ ကျွန်တော်တို့ဆီက ခပ်အေးအေး ခပ်နှေးနှေး မောင်းတံကြီးတွေကို သတိရမိပါရဲ့။

(လေး)

ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူကို နောက် ၁၀ နှစ်မှာ အမီ၊ နောက်အနှစ် ၂၀ မှာ အ ကျော်လို့ ပြောတဲ့အခါ ကျွန်တော် တို့ဆီက လူတွေကို သတိရပါ တယ်။

ကျွန်တော်တို့က နှေးသူတွေ လား၊ မြန်သူတွေလား။

ကမ္ဘာပေါ်က Slow Move- ment ဆိုတာ ကလေးကြားဖူးပါ တယ်။ တစ်ခါတစ်ခါ လူဟာ အေးအေးလူလူ နှေးနှေးကွေးကွေးနေ ဖို့ရာလည်း လိုအပ်ပါရဲ့။ ဒါပေမဲ့ ကျွန်တော်တို့လို နောက်ကျသူ လူ့ ယန္တရားကြီးအဖို့ရာမတော့ နှေးလို့မဖြစ်သေးဘူးလို့ ထင်မိပါရဲ့။ ဆန်အိုးထဲမှာ ဆန်ကမရှိသေးဘူး မဟုတ်လား။ ရှိနေခဲ့ရင်ဖြင့် လ,ရောင်အောက်မှာ တယောကလေးကိုင်ရင်း သဲသောင်ပြင်အစပ်နားကို တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းချင်ရင်လည်း လျှောက်လှမ်းမိမှာပေါ့။

ခုနေအခါမျိုးကတော့ မြန် လေကောင်းလေပဲ ထင်မိပါရဲ့။ ယန္တရားကြီးကို ခပ်သော့သော့ မောင်းကြရအောင်လား။     ။