NCA မရေးထိုးသောအဖွဲ့များ၏ နိုင်ငံရေး ဆွေးနွေးမှုကော်မတီကို ‘ဝ’ခေါင်းဆောင် ဦးပေါက်ယူချန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်း

အစိုးရနှင့်ဆွေးနွေးမှု များကို ဦးဆောင်ရန် ‘နိုင်ငံရေး ဆွေးနွေးမှုကော်မတီ’ ကို ‘ဝ’အဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ NCA လက်မှတ်မရေးထိုးသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုး ဖွဲ့မှ ထိပ်ပိုင်းတာဝန်ရှိသူ ၃၁ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် ပန် ခမ်းတိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးတွင် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင်များက ‘ဝ’အဖွဲ့ဦးဆောင် မှုဖြင့် NCA မရေးထိုးဘဲ နိုင်ငံရေး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် အစိုးရနှင့်ဆွေး နွေးမှုများ ပြုလုပ်ရန် ကော်မတီ ကို ‘နိုင်ငံရေးဆွေးနွေးမှုကော်မ တီ’ အဖြစ် ယာယီသတ်မှတ်၍ ဖွဲ့စည်းခဲ့သည်။ ကော်မတီကို ‘ဝ’အဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချန်းက ဥက္ကဋ္ဌတာဝန်ယူကာ ကေအိုင်အေ၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)၊ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)တို့မှ ခေါင်းဆောင် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံ ရေးဆွေးနွေးမှုအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်တွင် ဖော်ပြ ထားသည်။

ကော်မတီတွင် ဒုဥက္ကဋ္ဌတာ ဝန်ကို ‘ဝ’အဖွဲ့မှအပ ကျန်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးစီဖြင့် ဒုဥက္ကဋ္ဌရှစ် ဦးရွေးချယ်ခန့်အပ်မည်ဖြစ်ပြီး နောက်နောင်အခြေအနေပေါ် မူတည်၍ ပိုမိုကျစ်လျစ်အောင်  ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်တွင် ပါရှိသည်။ ကော်မတီ၏ လက်အောက်တွင် နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ကို အဖွဲ့ကိုးဖွဲ့မှ ခေါင်းဆောင် ၁၉ ဦးဖြင့် ဖွဲ့စည်းပြီး အဖွဲ့ခေါင်းဆောင် တာဝန်ကို ပထမသက်တမ်းတွင် ‘ဝ’ အဖွဲ့က ဆောင်ရွက်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ သွားဆွေးနွေး တဲ့အချိန်မှာ ရှေ့တိုးနောက်ဆုတ် ဆွေးနွေးညှိနှိုင်းလို့ရအောင် နိုင်ငံ ရေးအရ ထိပ်သီးခေါင်းဆောင် တွေ ပါဝင်နိုင်မယ့်ကော်မတီတစ် ရပ်ပါ’’ဟု TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးတာ့ဘုန်းကျော် က ပြောသည်။

 ကော်မတီနှင့် ကိုယ်စား လှယ်အဖွဲ့အတွက် ရန်ပုံငွေကို ‘ဝ’အဖွဲ့က အဓိကတာဝန်ယူမည် ဖြစ်ပြီး ကျန်အဖွဲ့များက အခြေအ နေအပေါ် မူတည်ပြီး ပါဝင်မည် ဖြစ်သည်။

အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှု မူဘောင်ကို ‘နိုင်ငံရေးဆွေးနွေးမှု အပေါ် ‘ဝ’ပြည်နယ်၏အထွေထွေ မူဝါဒနှင့် အသေးစိတ်တောင်းဆို ချက်များစာတမ်းကို အခြေခံကာ အဖွဲ့အစည်းအသီးသီး၏ပြင်ဆင် ဖြည့်စွက်ချက်များကို မတ်လ ၃၁ ရက်မတိုင်မီ ‘ဝ’အဖွဲ့ထံ ပေးပို့ရ မည်ဖြစ်ပြီး ကော်မတီအစည်းအ ဝေးတွင် ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။