အဓိကပြိုင်ဘက်

စင်ကာပူတွင် စာရင်းအင်းပညာဖြင့် ဘွဲ့ရအပြီး ငါးနှစ်ခန့်စာရင်းစစ်အဖြစ်လည်းကောင်း၊ နည်းပညာကုမ္ပဏီတစ်ခုတွင် Chief Financial Officer အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားရေးအကြံ ပေးလုပ်ငန်းတစ်ခုကို ၂၀၀၅ တွင် စတင်တည်ထောင်ဖြစ်ခဲ့သည်။ စစချင်းအခန်းကျဉ်းကလေးတစ်ခုတွင် ၀န်ထမ်းတစ်ယောက်ခန့်ပြီး စားပွဲနှစ်လုံးနှင့် အလုပ်စခဲ့သည်။ သူများဆီမှာလခစားလုပ်နေရင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လိုက်ခြင်းသည် အလွန်ပင် မရေရာသောကိစ္စတစ်ခုဖြစ်လေသည်။ အထူးသဖြင့် စာရင်းစစ်နှင့် စာရင်းကိုင်အလုပ်မှ လုပ်ငန်းရှင်ဘ၀သို့ ကူးပြောင်းရခြင်းသည် အလွန်ပင် မလွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။ အထူးသဖြင့် မြန်မာလူမျိုးတစ်ဦးအနေနှင့် စင်ကာပူလိုနိုင်ငံမျိုးတွင် လုပ်ငန်းတစ်ခုထူထောင်ခြင်းသည် ပိုမိုခက်ခဲလေသည်။


စာရင်းကိုင်နှင့် လုပ်ငန်းရှင်

စာရင်းကိုင်ဘ၀နှင့် လုပ်ငန်း ရှင်ဘ၀၏ အဓိကကွာခြားချက် တစ်ခုသည် တွေးခေါ်တီထွင်ဆန်း သစ်မှု ဖြစ်သည်။ စာရင်းကိုင်တစ် ယောက်သည် ပုံမှန်သတ်မှတ်ထား သော ဥပဒေလုပ်ထုံးလုပ်နည်းများ ကို အတိအကျလိုက်နာဖို့ လိုအပ် သည်။ သို့သော် လုပ်ငန်းရှင်တစ် ယောက်သည် တွေးခေါ်တီထွင် ဆန်းသစ်မှုနှင့် ဖြတ်ထိုးဉာဏ်အ လွန်ကောင်းရန် လိုအပ်သည်။ သမားရိုးကျ လမ်းဟောင်းကို ဖောက်ထွက်ရန် အစဉ်အမြဲကြိုး စားနေရပြီး စည်းမျဉ်းစည်းကမ်း များကို အတိအကျလိုက်နာဖို့ မလိုပေ။ စာရင်းကိုင်များဖြတ်ထိုးဉာဏ်  ကောင်းလွန်း၍ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများ၊ ဘဏ်များနှင့် စာရင်း စစ်အဖွဲ့များ ပျောက်ကွယ်သွားခဲ့ ဖူးသည်။

  အင်္ဂလန်အခြေစိုက်နှစ် ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ သော Barings ဘဏ်သည် စင် ကာပူနိုင်ငံတွင် တာဝန်ရှိသူတစ်ဦး မှ အရှုံးများကိုမပေါ်အောင် ဆန်း သစ်သောစာရင်းများ (Creative Accounting) ဖြင့် ဖုံးဖိရင်း ၁၉၉၅ တွင် ဘဏ်တစ်ခုလုံးပိတ် လိုက်ရသည်အထိ အရှုံးပေါ်ခဲ့ သည်။ အလားတူအမေရိကန်နိုင်ငံ ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီတစ် ခုဖြစ်သော Enron ကုမ္ပဏီသည် စာရင်းများလိမ်လည်ပြသမှု ကြောင့် ၂၀၀၁ တွင် ဒေ၀ါလီခံ လိုက်ရသည့်အပြင် ကမ္ဘာတွင်ထို အချိန်က အကြီးဆုံးစာရင်းစစ်အ ဖွဲ့ငါးခုမှ  တစ်ခုဖြစ်သော Arthu -r Andersen သည်လည်း စာရင်း စစ်အဖြစ် ထိုစာရင်းလိမ်ပြသည့် ကိစ္စကို စစ်ဆေးမတွေ့ရှိသည့်အ တွက် အမေရိကန်အစိုးရ၏ အရေးယူခြင်း ခံခဲ့ရပြီးနောက်ဆုံး ပိတ် ပစ်ခဲ့ရသည်။

စာရင်းအင်းလုပ်ကိုင်ရင်း အခြေကျလာသောအခါ အားလုံးကိုတိတိကျကျ မှန်မှန်ကန်ကန် ဘောင်ထဲက သွားခဲ့မိသည်။ ထိုအချိန် တွင် လုပ်ငန်းရှင်အဖြစ် ပြောင်းလဲ ရသောအခါ တိကျမှန်ကန်ဖို့ထက် လုပ်ငန်းအောင်မြင်ရေးနှင့် အမြတ်အစွန်းရရေးကို ပိုမိုအာရုံစိုက်လာ ရသည်။ ဘောင်တွေကို ဖြတ် ကျော်သင့်လျှင် ဖြတ်ကျော်ရသည်။

လုပ်ငန်းရှင်တစ်ဦးဖြစ်လာ သောအခါ စားသုံးသူသည် အမြဲ မှန်ကန်သည်ဟု နှလုံးသွင်းထားရ သည်။ ကိုယ့်ဖောက်သည်များ စိတ်တိုင်းကျ အဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်ပေးရသည်။ စာရင်းစစ်နှင့် စာရင်းကိုင်အလုပ် သည် ထိုအချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ စားသုံးသူဖောက်သည် စိတ်တိုင်းကျလိုက်လုပ်၍ မရ။ စာ ရင်းအင်းမှန်ကန်မှုက ပိုပြီးအဓိက ကျသည်။ စာရင်းစစ်နေရင်း မမှန် မကန်လုပ်ခိုင်းသောသူများရှိလျှင် ချက်ချင်းအလုပ်ကို ရပ်ပြီး အစိုးရ ထိတိုင်တန်းဖို့၊ သတင်းပိုဖို့တာဝန် ရှိသည်။ လုပ်ငန်းရှင်အနေနှင့် ထို ကဲ့သို့ ပြုမူပါက မည်သည့်အလုပ် မှရတော့မည်မဟုတ်ဘဲ လုပ်ငန်း ပိတ်ရဖို့သာ ရှိသည်။

လုပ်ငန်းရှင်နှင့် စာရင်းကိုင် တို့၏ တခြားကွာခြားချက်သည် လုပ်ငန်းတစ်ခုအပေါ် တန်ဖိုးသတ် မှတ်မှု ဖြစ်သည်။ စာရင်းကိုင်သည် လုပ်ငန်းတစ်ခုကို တန်ဖိုးသတ် မှတ်ရာတွင် လက်ရှိတန်ဖိုးနှင့် ယ ခင်တန်ဖိုးများပေါ်တွင် မူတည်ပြီး တန်ဖိုးသတ်မှတ်သည်။ လက်ရှိ ပိုင်ဆိုင်မှုနှင့် ပေးရန်ရှိသော တန် ဖိုးများကို တွက်ချက်ပြီးမှ လက် ကျန်ဖြင့်တန်ဖိုးသတ်မှတ်သည်။ လုပ်ငန်းရှင်အနေနှင့် လုပ်ငန်းတစ် ခု၏တန်ဖိုးကို အနာဂတ်တွင် ရလာနိုင်သည့် ၀င်ငွေအခွင့်အလမ်းများ ဖြင့် သတ်မှတ်ရသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်သည် Whatsapp ဟု ခေါ်သော အင်တာနက်ဖြင့် ဆက်သွယ်စာပို့သည့် ကုမ္ပဏီကို ၂၀၀၄ တွင် ဒေါ်လာသန်းပေါင်း တစ်သောင်းကိုးထောင်ပေး၍ ၀ယ် ယူခဲ့သည်။ ထိုသို့ ၀ယ်ယူခဲ့ချိန်တွင် Whatsapp သည် ဒေါ်လာ ၁၃၈ သန်းအရှုံးပေါ်နေခဲ့သည်။ ဖေ့စ် ဘွတ်ခ်သည် အရှုံးပေါ်နေသော လုပ်ငန်းတစ်ခုကို တန်ဖိုးများစွာ ပေးဝယ်ခဲ့သည့် အဓိကအကြောင်း မှာ အင်တာနက်ဖြင့် စာပို့ဆက် သွယ်သောစနစ်သည် သူ၏စနစ် ကို ခြိမ်းခြောက်လာပုံမှာ အသုံးပြု သူသန်းလေးရာခန့် ရှိလာ၍ ဖြစ် သည်။ နောက်ဆုံး ထို Whatsapp အသုံးပြုသူများကို ဖေ့စ်ဘွတ်ခ်သို့ အလိုအလျောက် ချိတ်ဆက်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ စာ ရင်းဇယားနှင့်တွက်ချက်လျှင် ဒေါ် လာသန်းပေါင်းရာချီအရှုံးပေါ်နေ သော Whatsapp သည်မည်သည့် တန်ဖိုးမှမရှိပေ။ သို့သော် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဖေ့စ်ဘွတ်ခ် ကို တည်ထောင်သူ Mark Zucker -berg အတွက်မူ ရှေ့အလားအ လာတန်ဖိုးများကို တွက်ချက်ပြီး ဒေါ်လာသန်းသောင်းပေါင်းများ စွာပေး၍ ၀ယ်ယူခဲ့သည်။

ထိုအတူ စာရင်းအင်းပညာ အတွက် သင်ရိုးညွှန်းတမ်း၊ သင် တန်းကျောင်း၊ တက္ကသိုလ်နှင့် သတ်မှတ်ထားသော ဘွဲ့အသီးသီး ရှိသော်လည်း လုပ်ငန်းရှင်တစ်ဦးဖြစ်ရန် သင်တန်းကျောင်းဟူ၍ မရှိ ပေ။ တချို့စီးပွားရေးလုပ်ကိုင်နည်း သင်တန်းကျောင်းများ ရှိသော် လည်း ထိုကျောင်းများမှ ထွက်လာ တိုင်းအောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာရန် မည်သည့်အာမခံချက်မှ ပေးမထားပေ။

ထိုသို့မတူညီသည့် အခြေအ နေနှစ်ခုကို ကျော်ဖြတ်ရင်း လုပ် ငန်းတစ်ခုကို လမ်းကြောင်းမှန်ပေါ်  သို့ရောက်အောင် ကြိုးပမ်းခဲ့ရ သည်။ တစ်နှစ်ကျော်ကျော်ခန့် ကြာသောအခါ စင်ကာပူတွင် မြန်မာရွာလေးတစ်ခုအဖြစ် တင်စားခေါ် ဝေါ်သည့် မြန်မာဆိုင်များနှင့် လုပ်ငန်းအများစုရှိရာ မြို့တော်ခန်းမနားမှ ပင်နီဆူလာပလာဇာသို့ ရုံးခန်းပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် စင်ကာပူရှိ မြန်မာလုပ်ငန်းများသာမက မြန်မာပြည်မှ စင်ကာပူသို့ လုပ်ငန်းတိုးချဲ့လာသော မြန်မာလုပ်ငန်းရှင်များ အများအပြားအလုပ်လာအပ်ကြ တော့သည်။ စင်ကာပူ၏ စာရင်းအင်းနှင့် ဥပဒေများကို ရှင်းပြနိုင်ရုံမက မြန်မာလိုပါ ဆက်သွယ်ပြောဆိုနိုင်သည့်အတွက် တစ်နှစ်အတွင်းလုပ်ငန်းများ တိုးတက်လာ သည်။ ၂၀၀၇ တွင် ရန်ကုန်မြို့တွင် ရုံးခွဲတစ်ခုထပ်မံဖွင့်လှစ်ကာ မြန်မာပြည်မှ လုပ်ငန်းရှင်များကို စင်ကာပူနှင့်ပတ်သက်သည့် ကုမ္ပဏီ ကိစ္စများ၊ စာရင်းအင်းနှင့် အခွန်ကိစ္စများအပါအ၀င် ဘဏ်လုပ် ငန်းများနှင့်ပါ ချိတ်ဆက်ပေးနိုင်ခဲ့ သည်။

အပြိုင်အဆိုင်

လုပ်ငန်းစတင်ချိန်တွင် မည် သူမှ ဂရုမထားကြသော်လည်း အ လုပ်များစတင်လုပ်ကိုင်စပြုလာ နိုင်သော အချိန်တွင် အပြိုင်အဆိုင် များ စတင်ပေါ်ပေါက်လာတော့ သည်။ အခြားတွင် အလုပ်လုပ် ကိုင်နေသော မြန်မာများအချိန်ပိုင်း လုပ်ငန်းလေးများ ထူထောင်လာ ကာ မြန်မာကုမ္ပဏီများကို ၀န် ဆောင်မှုပေးသော လုပ်ငန်းများ အလျှိုအလျှိုပေါ်လာတော့သည်။ ထိုသူတို့သည် ၀န်ဆောင်ခများကို အဆမတန်ဈေးလျှော့ယူပြီးဈေး ကွက်ကို ထိုးဖောက်တော့သည်။ ထိုအချိန်တွင် အလုပ်အပ်ထား သော လုပ်ငန်းရှင်အချို့ ရောက်လာကြပြီး ဘယ်သူကတော့ ဘယ် လောက်နဲ့ လုပ်ပေးနေတယ်။ ဈေး မလျှော့ပေးရင် တခြားမှာ အလုပ် သွားအပ်မည်ဆိုပြီး လာ၍ဈေးဆစ်ကြတော့သည်။

ထိုဈေးနှုန်းများသည် ၀န် ထမ်းစရိတ်၊ အခန်းငှားခနှင့် တ ခြားစရိတ်စကများနှင့် ချိန်ထိုး ကြည့်လျှင် လုံးဝတွက်ခြေမကိုက် နိုင်။ အချိန်ပိုင်းလုပ်သူအနေနှင့် တခြားတွင် လုပ်သောအချိန်ပြည့် အလုပ်တွင် လစာဝင်ငွေရပြီး ဖြစ်  သဖြင့် ရသလောက်ဝန်ဆောင်ခ သည် သူ့အတွက် အပိုဝင်ငွေဖြစ် သောကြောင့် ရပ်တည်နိုင်သော် လည်း လုပ်ငန်းတစ်ခုအနေနှင့် စရိတ်စကများရှိသဖြင့် ထိုဝန် ဆောင်ခနှင့် မည်သို့မှ ၀န်ဆောင် မှုမပေးနိုင်။ သို့သော် အလုပ်အပ် ထားသူများ ဆုံးရှုံးမည်ကိုလည်း တစ်ဖက်မှ စိုးရွံ့မိသည်။

ထိုအကြောင်းကို အစ်ကိုတစ်ယောက်လို ခင်မင်သော ရန်ကုန် မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်တိုင်ပင်ဖြစ်သည်။ သူကအခြေ အနေကို သေသေချာချာ နား ထောင်ပြီး အကြံပေးသည်။ ‘‘ဒီမှာ ညီလေး ... အစ်ကိုတို့ မင်းဆီမှာ အလုပ်အပ်ထားတာ ဈေးပေါလို့ မဟုတ်ဘူး။ မင်းကိုငါတို့လုပ်ငန်း တွေအတွက် ၀န်ဆောင်မှုပြည့် ပြည့်၀၀ ပေးနိုင်မယ်ဆိုတာ ယုံ ကြည်လို့ အလုပ်အပ်ထားတာ။ တခြားလူတွေ ဈေးပေါပေါနဲ့ အ လုပ်လုပ်ပေးနိုင်တယ်ဆိုလည်း ငါတို့ ကတော့ ပြောင်းပြီး အလုပ်အပ်ဖို့ မရှိဘူး။ ဘယ်အချိန်မှာ အလုပ် ပြောင်းအပ်မလဲဆိုရင် မင်းကငါ တို့ရဲ့ အလုပ်တွေကို သေသေချာ ချာဝန်ဆောင်မှု မပေးနိုင်တဲ့ တစ် နေ့ရောက်ရင်တော့ ဘယ်လောက် ခင်ခင် တခြားသေသေချာချာ လုပ် ပေးနိုင်တဲ့ဆီကို ပြောင်းရမှာပဲ။ အဲ ဒီအတွက် မင်းရဲ့ဝန်ဆောင်ခတွေ ဟာ ဈေးပေါဖို့ မလိုဘူး။ ထိုက် သင့်တဲ့ အမြတ်ရမှ မင်းလုပ်ငန်း လည်း ရေရှည်ရပ်တည်နိုင်မယ်။ ငါတို့ကလည်း စိတ်ချလက်ချမင်း ကို အလုပ်အပ်ထားနိုင်မယ်’’ဆို ပြီး အကြံပေးသည်။ သူ၏အကြံ ပေးချက်ဖြင့် လက်ရှိလည်ပတ်နေ သောလုပ်ငန်းကို ပြန်၍သုံးသပ် ကြည့်မိသည်။

အရည်အသွေးနှင့် ဈေးနှုန်း

လုပ်ငန်း၊ ၀န်ဆောင်မှုနှင့် ကုန်ပစ္စည်းများတန်ဖိုး သတ်မှတ် ရာတွင် ၀န်ဆောင်မှု၊ ပစ္စည်းအ ရည်အသွေးကို ဈေးနှုန်းများဖြင့် တိုင်းတာ၍ရသည်။ အခြေခံအား ဖြင့် တန်ဖိုးကိုလေးမျိုး လေးစားခွဲ ခြားထားနိုင်သည်။ ၀န်ဆောင်မှု ကောင်းကောင်းနှင့် ပစ္စည်းကောင်း ကောင်းကို ဈေးနှုန်းကြီးကြီးဖြင့် တန်ဖိုးသတ်မှတ်လျှင် အဖိုးတန်မှု တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဥပမာ Apple မှထုတ်လုပ်သော ပစ္စည်းများသည် အရည်အသွေး ကောင်းကောင်းကို ဈေးနှုန်းမြင့် မားစွာဖြင့် ရောင်းချသည်။ အထူး သဖြင့် ဈေးကွက်တွင်ဦးဆောင်နေ သော ကုန်စည်အမှတ်တံဆိပ်များ ထိုနည်းလမ်းဖြင့် ဈေးနှုန်းသတ် မှတ်ပြီး အမြတ်များများရအောင် စွမ်းဆောင်ကြသည်။ ၀န်ဆောင် မှု၊ ပစ္စည်းကောင်းကောင်းကို ဈေး နှုန်းသက်သာစွာဖြင့် ရောင်းချခြင်း ကို ဈေးကွက်ထိုးဖောက်ခြင်းဟု ခေါ်နိုင်သည်။ အထူးသဖြင့် ၀န် ဆောင်မှုနှင့် ပစ္စည်းအရည်အသွေး ကောင်းသော်လည်း ဈေးကွက် တွင် နာမည်မရသေးသဖြင့် အ ရည်အသွေး  ကောင်းကောင်း ပစ္စည်းများကို ဈေးလျှော့ပြီး ဈေး ကွက်ကိုထိုးဖောက်ရသည်။

တရုတ်ပြည်ထုတ်လက်ကိုင် ဖုန်းများဖြစ်ကြသော Xiaomi, Oppo နှင့် Huawei တို့သည် ဈေး ကွက်ထိုးဖောက်ရေးနည်းဗျူဟာ ကို အသုံးပြုပြီး ဆမ်ဆောင်းနှင့် iPhone တို့၏ဈေးကွက်ကိုရယူဖို့ ကြိုးစားကြသည်။ ၀န်ဆောင်မှုနှင့် အရည်အသွေး သိပ်မကောင်း သော ပစ္စည်းများကို ဈေးကြီးကြီး ဖြင့် ရောင်းချခြင်းသည် အမြတ် ကြီးစားတန်ဖိုး သတ်မှတ်ခြင်းဖြစ် သည်။ အထူးသဖြင့် ပြိုင်ဘက်များ လုံးဝမရှိဘဲဈေးကွက်ကို ကိုယ်တစ်ဦးတည်း ချုပ်ကိုင်ထားချိန်တွင် အရည်အသွေးမကောင်းသော ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချ၍ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုခန့်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ကိုင်ဖုန်းများကို ထိုနည်း ဖြင့် ရောင်းချခဲ့ဖူးသည်။ နိုင်ငံတကာတွင် ဒေါ်လာရာဂဏန်းခန့်သာပေးရသော လက်ကိုင်ဖုန်းများ ကို မြန်မာကျပ်ငွေ ၁၅ သိန်းဖြင့် ရောင်းချသည်။ အပြင်တွင် ပြန်ရောင်းဈေးသိန်း ၃၀ ခန့်အထိရှိခဲ့ ဖူးသည်။ ထိုခေတ်က ဒေါ်လာဈေးဖြင့် ပြန်တွက်လျှင် လက်ကိုင်ဖုန်း တစ်လုံးကို ဒေါ်လာတစ်သောင်းနီး ပါးခန့် ပေးဝယ်ရသည်။ ထိုသို့အမြတ်ကြီးစားခဲ့သော်လည်း ဈေးကွက်တွင် သူတစ်ဦးတည်းဖြစ် သဖြင့် အတော်ညံ့သော ဖုန်းနှင့်ဝန်ဆောင်မှုကို ဈေးမတန်တဆ ပေးဝယ်ခဲ့ရသည်။ နောက်ဈေးကွက်တစ်ခုသည် အရည်အသွေး နည်းသော ၀န်ဆောင်မှုနှင့် ပစ္စည်းများကို ဈေးပေါပေါဖြင့် ရောင်းချခြင်းဖြစ်သည်။ ထိုဈေးကွက်သည် ပေါချောင်ကောင်း ဈေးကွက်ဖြစ် သည်။ လက်ရှိမြန်မာပြည်တွင် နာမည်ပေါင်းစုံတပ်ထားသော ဒေါ်လာ ၁၀၀ အောက် လက်ကိုင်ဖုန်းများသည် ထိုဈေးကွက်၏ ၀ယ်လိုအားကို မူတည်သည်။ ထိုသို့အရည်အသွေးနှင့် ဈေးနှုန်းပေါ် မူတည်ပြီး ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်ပြန်သုံးသပ်ကြည့်မိသည်။ လုပ်ငန်း၏နာမည်သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကြားတွင် အတော်အသင့် နာမည်ရနေပြီးဖြစ် သဖြင့် ဈေးကွက်ထိုးဖောက်ရေး နည်းဗျူဟာကိုသုံးဖို့ မလိုအပ်။ ပေါချောင်ကောင်းဈေးကွက်ကိုလည်း တကယ့်စီးပွားရေးလုပ်ငန်းရှင် များက အားပေးမည်မဟုတ်။ အချိန်ပိုင်းဝန်ဆောင်မှုပေးသူများနှင့်ဈေးနှုန်းအနည်းငယ်သာ ပေးလိုသူများနှင့် သူ့ဘာသာသူဈေးကွက် တစ်ခုဖြစ်သွားမည်။ ထို့ကြောင့်အဖိုးတန်သော ၀န်ဆောင်မှုနှင့် ထိုက်တန်သော ၀န်ဆောင်မှုပေးဖို့ ကိုသာ ရွေးချယ်ခဲ့သည်။

အဓိကပြိုင်ဘက်

နောက်ပိုင်းတွင် အချိန်ပိုင်း ၀န်ဆောင်မှုပေးသော သူများ၏ ဈေးနှုန်းများကို နှိုင်းယှဉ်ပြီးလာ ရောက်ဈေးဆစ်ကြသော လုပ်ငန်း ရှင်များကို အကျိုးအကြောင်းရှင်း ပြရသည်။ ဈေးနှုန်းသက်သာသည့် အတွက် ပြောင်းသွားသောသူများ တချို့ရှိခဲ့သော်လည်း အများစုက ၀န်ဆောင်မှုကောင်းကောင်းကို ရွေးချယ်ခဲ့ကြသည်။ လက်ရှိပေးနေ သော ၀န်ဆောင်မှုများသာမက လုပ်ငန်းရှင်များကို နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ပြီးအ ထောက်အပံ့များရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာမှ ရင်း နှီးမြှုပ်နှံမည့် ကုမ္ပဏီများနှင့် ချိတ် ဆက်ပေးခြင်းများကိုပါ ဆောင် ရွက်ပေးနိုင်ခဲ့သည်။

ပြိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုရှင်များနှင့်အမေးအဖြေတစ်ခုကို သွား၍ သတိရမိသည်။ ရွှေတံဆိပ်ဆုရှင် အားကစားသမားများသည် သူတို့ လေ့ကျင့်ရာတွင် တခြားပြိုင်ဘက် များ၏ စံချိန်များကို လုံးဝထည့် သွင်းစဉ်းစားလေ့မရှိ။ ကိုယ့်စံချိန် ကို ကိုယ်ကိုယ်တိုင်တစ်နေ့ထက် တစ်နေ့ ပိုမိုသာလွန်ချိုးဖောက်ဖို့ သာ ကြိုးစားကြသည်ဟု မှတ်သား  မိဖူးသည်။

ထို့အတူ လုပ်ငန်းများလုပ် ကိုင်ရာတွင် အဓိကပြိုင်ဘက်သည် ကိုယ်ကိုယ်တိုင်ဖြစ်သည်။ တခြားလုပ်ငန်းတူ ပြိုင်ဘက်များအကြောင်းကို သိရှိအောင်လုပ်ဖို့လိုသော်လည်း  ကိုယ်ပေးလိုက်သည့် ၀န်ဆောင်မှုနှင့် ပစ္စည်းအရည်အသွေး တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်လာအောင် အမြဲကြိုးပမ်းနေဖို့ လိုအပ်သည်။ ဈေးကွက်တွင် ကိုယ်ကရှေ့ရောက်နေပြီဟု အထင်ရောက်ကာ ကြိုးပမ်းမှုများ ရပ်တန့်လိုက်သည့်နေ့သည် လုပ်ငန်းတစ်ခုလုံး ဆုံးရှုံးဖို့စတင်လိုက်သော နေ့တစ်နေ့ဖြစ်လာပေမည်။ ထို့ကြောင့် အဓိကပြိုင်ဘက်ဖြစ်သော ကိုယ့်ကိုယ် ကိုယ် အမြဲတမ်းအနိုင်ရအောင် ကြိုးပမ်းယှဉ်ပြိုင်နေသင့်ကြောင်း  ....။