သမီးရည်းစားပြဿနာ ၀င်ရှင်းသည့် အုပ်ချုပ်ရေးမှူး လက်သီးဖြင့်ထိုးခံရ

မင်္ဂလာဆောင်တော့မည့် ရည်းစားဟောင်းကို မကျေနပ်၍ ထိုမိန်းကလေးအိမ်ရှေ့တွင် ဆဲဆိုနေသူများကို တားဆီးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၀ိုင်းဝန်းထိုးကြိတ်ခံရကြောင်း သတင်းရရှိသည်။

မေ ၁၂ ရက် ညက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်၁၅ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၏နေအိမ် မျက်စောင်းထိုးရှိ မင်္ဂလာဆောင်မည့် သတို့သမီးလောင်းအိမ်တွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဆဲဆိုနေသည်ကို သွားရောက်တားမြစ်ရာမှ အုပ်ချုပ်ရေးမှူးမှာ ၀ိုင်းဝန်းထိုးကြိတ်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

““ဘာဖြစ်နေတာလဲ၊ ငါအုပ်ချုပ်ရေးမှူးပဲ ရှင်းပေးမယ်””ဟု ဦးကျော်လှိုင်ကပြောသည်ကို ““အုပ်ချုပ်ရေးလည်း ဂရုမစိုက်ဘူး၊ သတ်ပစ်မယ်””ဟု ကြိမ်းမောင်း၍ အမျိုးသားသုံးဦးက ၀ိုင်းဝန်းထိုးကြိတ်သကဲ့သို့ ၎င်းတို့နှင့်အတူပါလာသော အမျိုးသမီးက ချုပ်နှောင်ပေးကြောင်း ဦးကျော်လှိုင်က ရဲမှတ်တမ်းတွင် ထွက်ဆိုထားသည်။ ထို့ကြောင့် ဦးကျော်လှိုင်က တရားလိုပြုလုပ်ကာ တ/ဥက္ကလာပ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။