ကားလမ်းမပေါ် ကားမမောင်းရ

ကတ္တရာခင်းတဲ့ လမ်းဟာ ××× ကားတွေသွားလို့တဲ့ကွာ ××× သုံးလခံတာတော့ လွန် လွန်းပါတယ် ××× မှတ်တမ်းဆိုး အဖြစ်နဲ့ ××× တကယ်ကိုကြား မကောင်း မြင်မကောင်းပေါ့ကွယ် ××× ဝန်ကြီးချုပ် ဒေါသထွက် တာ ××× အပြစ်ဆိုလို့မရပါဘူး ကွယ် ××× အကျင့်တွေ ပြောင်း လဲဖို့သာ ××× အဓိကထားပြော ချင်တယ် ×××

အင်း ... ကြားရမြင်ရ နားဝ မသက်မသာရှိလှပါရဲ့။ ညှပ်ကြီး တို့သိရသလောက်တော့ သုံးလ ခံဆိုတာ ပဋိသန္ဓေတားဆေး လောက်ပဲရှိတယ် ထင်ခဲ့တာ အခု တော့ အသစ်အသစ်တွေ ထပ်တိုး လို့။ သုံးလခံကတ္တရာလမ်း၊ သုံး လခံ ပလက်ဖောင်းအပြင် အခု အစိုးရသစ် လက်ထက်မှာအဆစ်ပါလာတာကတော့ သုံးလခံ YBS ကားတချို့ပါ ခင်ဗျ။ သုံးလခံ YBS ကားဆိုတာကတော့မြို့တွင်းပတ်မောင်းနေတဲ့ (၅၇) လိုင်းကားအသစ်စက်စက်ကြီးတွေထဲက တချို့ကားတွေမှာ အဲကွန်းက ရေတွေ တတောက်တောက်ကျနေလို့ ပလတ်စတစ် မိုးကာတွေနဲ့ ကာထားပုံက အမြင်မတော်ဆင်တော်နဲ့ ကြွက်စုတ်လို ဖြစ်နေလေရဲ့။ မလွန်ဆန်နိုင်တဲ့ သင်္ခါရကြောင့် ထိုင်ခုံတွေလည်း မမြဲနိုင်ရှာတော့။ နောက်ခြောက်လ တစ်နှစ်လောက်ဆိုရင်တော့ မတွေးရဲစရာပဲ။ ခရီးသည်တွေပဲ နိုင်ငံကြီးသား မပီသလို့လား၊ ယာဉ်ကိုထိန်းသိမ်းစောင့်ရှောက် သူတွေပဲနိုင်ငံကြီးသား မပီသလို့ လား၊ ထုတ်လုပ်တဲ့ နိုင်ငံကပဲ နိုင်ငံကြီးသား မပီသလို့လား။ တွေးတွေးပြီး စိတ်မအေးရ၊ မသက်မသာရှိလှပါရဲ့။

အခုလည်း လူမှုကွန်ရက်ထဲ မှာ မြင်တွေ့လိုက်ရတဲ့ စစ်ကိုင်း တိုင်း ဝန်ကြီးချုပ်မျက်မာန်တော်ရှ နေပုံမြင်လို့ အသံဖိုင်ဖွင့်ကြည့်မိ လိုက်တော့ ဝန်ကြီးချုပ်ကိုယ်စား အားပါးတရရှိပါရဲ့။ ခေတ်အဆက်ဆက် ဘတ်ဂျက်တစ်ခု ကျလာပြီဆိုတာနဲ့ ယောက္ခမရက်လည်မှာ ကြီးစဉ်ငယ်လိုက် အမွေခွဲကြသလိုမျိုး ရော့ အင့် ... ရော့ အင့်နဲ့ ဧရိယာလျှော့၊ အရည်အသွေးလျှော့၊ စေတနာလျှော့ဆိုပြီး လျှော့သုံး လျှော့နဲ့ ဝိုင်းတွယ်လိုက်ကြတာ နောက်ဆုံးမတော့ တိုင်းပြည်လည်း မျက်ဖြူလန်၊ ပြည်သူတွေလည်း ပက်လက်လန်၊ ဆိုင်ရာပိုင်ရာတွေသာ ရေလျှံခဲ့တယ်မဟုတ်လား။ အရည်အသွေးမမီလို့။ မခိုင်မာလို့ တစ်စုံတစ်ခု ဖြစ်ပြီဆိုရင်လည်း ‘ပျက်ရင်ပြန်ပြင်ဘတ်ဂျက်တင်၊ ဆိုင်ရာပသ ဘတ်ဂျက်ကျ’ ဆိုသလို ပတ်သက်ရာ ပတ်သက်ကြောင်းတွေ နှစ်သီးစား၊ သုံးသီးစား၊ ဖောင်းသထက် ဖောင်းကား သထက်ကားလို့ တိုင်းပြည်ခမျာ တော့ မွဲသထက်မွဲပြီး ပြဲသထက် ပြဲလို့ အရာရာတစ်က ပြန်စနေရ သလို ဖြစ်နေတာပေါ့။

တကယ်တော့ အခုဖြစ်ရပ် လေးက တကယ့်ကို သေးသေး လေးပါ။ ဒါပေမဲ့ အပေါက်သေး သေးလေး တစ်ခုကလည်း သင်္ဘောကြီးတစ်စီးကို နစ်မြုပ် သွားစေနိုင်တယ်ဆိုသလို အရာ ရာသတိပေး၊ သတိထားနိုင်မှ တော်ကာကျမယ့် အခြေအနေပါ။ အဖြစ်အပျက်က စစ်ကိုင်းတိုင်း ခန္တီးမြို့ အောင်သာရပ်ကွက်နဲ့ သာစည်ကျေးရွာတို့ကို ချိတ်ဆက် ဖောက်လုပ်ထားတဲ့ လမ်းပိုင်းဟာ ဖောက်လုပ်ပြီး သုံးလအတွင်းမှာ ပျက်စီးလာပါသတဲ့။ အခုလို မိုး လေကင်းစင်တဲ့ နွေရာသီ ကာလ မျိုးမှာ သုံးလအတွင်း ပျက်စီးခဲ့ လေတော့ မိုးရာသီကာလဆိုရင် တော့ သုံးရက်အတွင်း ရေစုန် မျောဖို့ရှိတာပေါ့။ ဒါကို မြင်တွေ့ သွားတဲ့ ပြည်သူတင်မြှောက်ထား တဲ့ ဝန်ကြီးချုပ်က၊ တိုင်းပြည် ဘဏ္ဍာကို ပြည်သူ့ဘဏ္ဍာလို့ သဘောထားတဲ့ ဝန်ကြီးချုပ်ကပြည်သူ့ကိုယ်စား ပြောကြားပြီပေါ့။

အင်း ... ဝန်ကြီးချုပ်က လည်း ဘုရားစူး၊ မိုးကြိုးပစ် ကတ္တ ရာလမ်းပါလို့ ကျိန်တွယ်ပြောရ တော့မယ့် ကတ္တရာလမ်းကို လက်ညှိုးထိုးပြီး ‘‘ဒါ ကတ္တရာ လမ်းလား၊ ဘယ်သူလက်မှတ်ထိုး ပေးတာလဲ၊ ဒီဟာ ပြီးစီးကြောင်း၊ ကောင်းမွန်ကြောင်း လက်မှတ် ဘယ်သူထိုးတာလဲ။ လက်ခံတာ ဘယ်သူလက်ခံတာလဲ။ စစ်သ လား၊ စစ်ရင် ဒီလိုဖြစ်မလား’’ဟု ပြည်သူ့ကိုယ်စား ဘုတောသွား တာလေးလည်း မြင်တွေ့လိုက်ရ ပါရဲ့။ တာဝန်ရှိသူ မြို့နယ်စည် ပင်နဲ့ အင်ဂျင်နီယာအဖွဲ့ကလည်း ရေကြီးချိန် လမ်းက အောက်ကို ကျသွားကြောင်းနဲ့ ဆယ့်နှစ်ဘီး ကားတွေသွားလို့ ဖြစ်သွားကြောင်း၊ မိုးကြိုးပစ်သတင်းစာနဲ့ ကာသလို ကာကွယ်သွားတာတွေ့ ရလိုက်သေး။ အင်း ... ညှပ်ကြီး အနေနဲ့တော့ ကားလမ်းမပေါ် ကားမမောင်းရလို့ တာဝန်ရှိသူများ ကြေညာသင့်တယ်လို့ ထင်မိပါရဲ့။

ဝန်ကြီးချုပ်ကလည်း သက် သက်ညှာညှာပါပဲ။ ‘‘မိုးမလာ၊ ရေ မလာသေးပါဘူး။ ဆယ့်နှစ်ဘီး ကားလောက်တော့ ခံနိုင်ရည်ရှိရ မှာပေါ့။ အဲဒီလောက်မှ မခံရင် လူပဲဖြတ်ရတော့မှာလား။ ကျွန် တော်ကိုယ်တိုင် လိုက်စစ်မှာ။ ပြည်သူကို မျက်နှာမူပါ။ လုပ်ပြီး တော့ တိုင်းပြည်ဘဏ္ဍာ အလ ကား။ နောက်ထပ်ထပ်လုပ်၊ ထပ် ထပ်ပြီး တိုင်းပြည်က မွဲသထက်မွဲ ဖြစ်မှာ။ ငွေနဲ့လုပ်ရမယ့်လမ်း မကိုက် ရင်ပြောလေ။ ဟိုအ ကြောင်းပြ၊ ဒီအကြောင်းပြ မပြကြနဲ့။ ဒါ ကတ္တရာလမ်းလား’’ လို့ ပြောပုံလေး နေရာအနှံ့က ကြားရလိမ့်မယ်လို့ ယုံကြည်မိပါရဲ့။ ဥပမာ မကွေးတိုင်းကလည်းကြားရနိုင်ပါရဲ့။ ရန်ကုန်တိုင်းကလည်း ကြားရနိုင်ပါရဲ့။ ဧရာဝတီတိုင်းကလည်း အတိုင်းသား ကြားရနိုင်ပါရဲ့။ ယုတ်စွအဆုံး တစ်နိုင်ငံလုံးက ကြားရ၊ မြင်ရ၊ တွေ့ရ၊ သတိရှိကြ၊ အသိရှိကြ၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာကြဖို့ ယုံကြည် ပါရဲ့။

အခုလို အရိုးကိုက်လို့ အသံ မြည်တာလေးတွေ ကြားရမြင်ရ တွေ့လာရတော့ အသားနင်ပြီး မျိုချလို့လည်းမရ၊ အန်ထုတ်ဖို့ လည်း မလွယ်တာကြီးတွေ ဟို တိုင်းဒီတိုင်း နေရာတိုင်းမှာ လို အပ်ချက်ထက် ပိုတပ်မက်မိလို့ အတ္တမုန်တိုင်းဒဏ် တစ်ဖန်ပြန်ခံ နေရတာလည်း မြင်ယောင်ကြား ယောင်မိပါရဲ့။ အင်း... မကောင်း မှုဟူသည် ဆိတ်ကွယ်ရာမရှိဆို တာလည်း တကယ်များ တန်ခိုး အာနိသင် ပြလာပြီလားလို့ တွေး လိုက်မိသေး။ ဘာပဲဖြစ်ဖြစ် အခု ကာလကြီးကတော့ ငွေစကြေးစ ညှော်နံ့ရတဲ့ ကာလစစ်စစ်ကြီး ဖြစ်နေလေပေါ့။

 အရင် အစိုးရဟောင်းက အစိုးရသစ်ကို လွှဲပြောင်းခဲ့တဲ့ အစိုးရရန်ပုံငွေတွေနဲ့ပတ်သက် ပြီး တချို့အရာတွေမှာ မရှင်း မလင်းဖြစ်ခဲ့တာတွေကို စစ်ဆေး ဖို့ လိုအပ်ပါက ဧရာဝတီတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး ကဲ့သို့ စစ်ဆေးဖော်ထုတ်သွား မယ်ဆိုတဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူးက ပြောလိုက်ပြန်ရဲ့။ ဒါကလည်း တကယ်ကွာဟမှုရှိရင် ပျောက်ဆုံးနေတဲ့ ပြည်သူ့ဘဏ္ဍာ ပြည်သူ့ လက်ထဲပြန်လည်လွှဲပြောင်းရေး စီမံချက်လို့ ယုံကြည်မိပေါ့။ နေရာအနှံ့မှာရှိနေတဲ့ Under Table နည်းနဲ့ ငှားရမ်းထားတဲ့ တစ်နှစ်စာ ငှားရမ်းခဟာ တစ်လစာလောက်သာ ရရှိနေတဲ့ ပြည်သူ့ဘဏ္ဍာ လေလွင့်နေမှုတွေကိုလည်း ဖော်ထုတ်ပေးကြဖို့ အကြံပေးလိုပါရဲ့။

ဆက်လက်ပြီး အမျိုးသား ရင်ကြားစေ့ရေးဆိုပေမယ့် ဖော် ထုတ်စရာတွေ ဆက်လက်ဖော် ထုတ်ဖို့ အစိုးရကို တွန်းအားပေး သွားမယ်ဆိုကြောင်းနဲ့ ဘတ်ဂျက် ငွေတွေ နစ်နာနေကြောင်း၊ တိုင်း ဒေသကြီးရန်ပုံငွေတွေ လွန်စွာ နစ်နာနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဘဏ္ဍာ၊စီမံ နှင့် စီးပွားရေးကော်မတီအတွင်း ရေးမှူးက ပြောဆိုသွားကြောင်း သတင်းဂျာနယ်တွေထဲမှာ ကြား သိလိုက်ရပါတယ်။ အင်း..ဘာပဲ ဖြစ်ဖြစ် ပြည်သူနဲ့အတူ ပြည်သူ ကို မျက်နှာမူပြီး ပြည်သူ့အတွက် အမှန်တရားကို ဖော်ဆောင်မယ် ဆိုရင်ဖြင့် ပြည်သူ့ကိုယ်စားလှယ် ပီသလိမ့်မယ်လို့ ယုံကြည်ပါရဲ့။ တိုင်းပြည်ကြီးဟာ ဆင်းရဲမှုနွံထဲ နစ်နေဆဲပါ။ အနောက်တိုင်း စကားပုံ တစ်ခုရှိပါတယ်။

‘ဆင်းရဲမှုက တံခါးမကြီးက ဝင်လာခဲ့ရင် ငြိမ်းချမ်းမှုနဲ့မေတ္တာတရားဟာ ပြတင်းပေါက်ကနေထွက်ပြေးသွားတတ်သတဲ့ ...’

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)