ဘယ်လောက်ရေးရေး ဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့

ဓာတ်ပုံ - သီဟ

(က)

မိတ်ဆွေတစ်ဦးက ဝေဖန်လာသည်။ ‘‘ခင်ဗျားတို့ စာရေးဆရာတွေ၊ မီဒီယာသမားတွေ ဘယ်လောက်ရေးရေး ဘာမှ ဖြစ်လာမှာမဟုတ်ဘူး’’ဟုဆို၏။ အခြေခံဥပဒေကို တကယ်ပြင်မယ်ထင်သလားတဲ့။ ငြိမ်းချမ်းရေးကော တကယ်ရမယ်ထင်သလားတဲ့။ စစ်အာဏာရှင်စနစ်ကော အပြီးတိုင်ချုပ်ငြိမ်းသွားမယ် ထင်သလားတဲ့။ ခင်ဗျားတို့ဝေဖန်သုံးသပ်နေတဲ့ အမျိုးစောင့်ဥပဒေတောင် မကြာခင် လွှတ်တော်ရောက်တော့မယ်တဲ့။

သမ္မတ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်ကပြည်သူ့အသံကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ စာရေးဆရာနှင့် စာနယ်ဇင်းသမားများကတော့ စာဖတ်သူပြည်သူတို့အသံကို နားထောင်ရမည်ဖြစ်သည်။ စာနယ်ဇင်းသမားများနှင့် မီဒီယာသမားများအတွက် အဓိကအရေးကြီးသော တာဝန်တစ်ရပ်မှာ နိုင်ငံသူ၊နိုင်ငံသားများ နေ့စဉ်ကြုံတွေ့နေရသည့် ဖြစ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတော်အစိုးရသိရှိအောင်ရေးသားပေးရမည်ဖြစ်သလို နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း နိုင်ငံသူ၊ နိုင်ငံသားများ သိရှိအောင်တစ်ဆင့်ဖြန့်ဝေပေးရန်လည်းဖြစ်ပါသည်။

ယခုပြောလာသော စကား က တုန်လှုပ်စရာ။ အချို့ကတော့ ဆိုကောင်းဆိုလိမ့်မည်။ ပညာမရှိ တဲ့သူတွေပြောတာ ဂရုမစိုက်ပါနဲ့ ဟု။ တကယ်တော့ ထိုသို့မျက် ကွယ်မပြုသင့်ဟုထင်သည်။ ပညာမဲ့ကပြောသည်ဖြစ်စေ၊ ပညာရှိကပြောသည်ဖြစ်စေ စာဖတ်သူ၏အသံကိုနားထောင်ရမည်က စာနယ်ဇင်းသမားများ၏ တာဝန်မဟုတ်ပါလား စာဖတ်သူ မိတ်ဆွေ....။

(ခ)

ဤနေရာတွင် လိုအပ် သည်ဟုထင်သဖြင့် မြန်မာ့စာနယ် ဇင်းလောက အမှောင်ခေတ်နှင့် ပတ်သက်၍ အနီးစပ်ဆုံးစစ်အစိုး ရ၏ ခေတ်ဦးပိုင်းအခြေအနေ လောက်ကို နောက်ကြောင်းပြန် ချင်ပါသည်။

ထိုအချိန်က သတင်းစာဆို သည်မှာ စစ်အစိုးရ၏အာဘော် သာဖြစ်ပြီး နိုင်ငံအဝန်း၌ ပြည်သူ များအား ချွေးတပ်ဆွဲသကဲ့သို့ခေါ် ယူကာ အတင်းအဓမ္မလုပ်အား စေခိုင်းနေသည်ကိုပင်မြန်မာလူ မျိုးများက နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက် မိမိ၏လုပ် အားပေးလှူခြင်းဖြင့် ဘာသာရေး အရ ကုသိုလ်ပြုလုပ်နေသည်ဟု ခံယူထားကြသယောင် သတင်း စာများတွင်ဖော်ပြခဲ့၏။ စာဖတ် သူပြည်သူများကလည်း စစ်အစိုး ရ၏သတင်းစာကို နာရေးကြော် ငြာလောက်သာစိတ်ဝင်စားခဲ့ကြ ပြီး ကွယ်ရာတွင် Pagoda နဲ့ Soldier သတင်းစာဟုလှောင် ပြောင်ခဲ့ကြသည်။

စာပေသြဇာရှိသောမဂ္ဂဇင်း နှင့်ဂျာနယ်ဆိုသည်မှာ လက်ချိုး ရေ၍ လက်ဆယ်ချောင်းပင် မပြည့်သော အခြေအနေတွင်ရှိ သည်။ စာပေကင်ပေတိုင်စခန်းဟု သမုတ်ခံရသော စာပေစိစစ်ရေး ရုံး၏ တန်ခိုးအာဏာကြီးထွားနေ သောကာလတွင် စာနယ်ဇင်းဟူ သည်မှာ ထုတ်တင်ဟုခေါ်သည့် ထုတ်လုပ်ပြီးမှ တင်ပြအစိစစ်ခံ ပြီး ဖြန့်ချိခွင့်ရကြသည်။ ‘အမှောင်’ဟုမရေးရတဲ့။ ‘သွေး’လို့ ဝိသေသ မပြုရတဲ့။ ‘ဖက်ဆစ်’လို့မသရော် ရတဲ့။ သူတို့မသင်္ကာသည့် ရေး သောစာ၊ ဆွဲသည့်အရုပ်၊ ဖော်ပြ သောဓာတ်ပုံဆိုလျှင် ငွေမင်ဖြင့် ပိတ်လျှင်ပိတ်၊ မပိတ်လျှင် စာရွက် ကိုဆွဲဆုတ်ခံခဲ့ရသည်။ အချို့စာ အုပ်များဆိုလျှင် နှစ်ဖောင်သုံး ဖောင်လောက်အထိဆွဲဆုတ်ခံရ သဖြင့် စာအုပ်လေးတွေက ရောင်းတန်းမဝင်ပါးပါးလေးတွေ ထွက်လာသည်။

စစ်အစိုးရခေတ်နှောင်းပိုင်း ရောက်ပြန်တော့ ထုတ်တင်ကနေ တင်ထုတ်စနစ်သို့ ပြောင်းလာသည်။ စာပေစိစစ်ရေးကလည်း ပြည်ထဲရေးလက်ထဲမှ ပြန်ကြားရေးလက်ထဲသို့ရောက် လာသည်။ သို့သော်လည်း ကုလားကြီးနှင့်အရာကြီးကဲ့သို့ ဘာမှမကွာ။ စာမူကိုစိစစ်ရေးရုံးသို့တင်ရသည်။ ဤတွင် စာနယ်ဇင်းအယ်ဒီတာထက် သူတို့က ဆရာပိုကျနေသည်။ သူတို့မကြိုက်သည့် စာသားဆိုလျှင် တစ်ကြောင်းနှစ်ကြောင်းက အစ စာပိုဒ်လိုက်၊ အပုဒ်လိုက်အထိ တည်းဖြတ်ပစ်သည်။ Black List သွင်းထားသော စာရေးသူနာမည်ပါလျှင် စာမူပင်ဖတ်မည့်ပုံမရတော့။ သူတို့မျက်စိလျှမ်း၍ (သို့မဟုတ်) အဓိပ္ပာယ် နားမလည်၍လွှတ်လိုက်သော စာမူတစ်ပုဒ်ပုဒ်က အစိုးရနှင့်ငြိ စွန်းလာပြီဆိုလျှင် အယ်ဒီတာနှင့် ထုတ်ဝေသူကိုပါ ခေါ်ယူကြိမ်းမောင်းတော့သည်။

စာပေစာနယ်ဇင်းနှင့် မီဒီ ယာသမားအများစုသည် စာပေ စိစစ်ရေးမှကင်းလွတ်ခွင့်မရသည့် ခေတ်ကတည်းက ကျဉ်းတည်း ကျပ်တည်းရေးသားခဲ့ကြသူများ ဖြစ်ပြီး ယခုခေတ် ဒီမိုကရေစီနှစ် ပြားဖိုးလောက်ရသည်ကို တင်း ဝင်အိတ်ကြီးထင်ပြီး မြင်မြင်ရာ ကို ဖေတော့မောင်တော့ဖြင့် ရေး သားသည့်သူများထဲ မပါဝင်ကြ ပါ။

(ဂ)

မြန်မာ့မီဒီယာလောက သည်၂၀၁၁ နှစ်ကုန်ပိုင်းအထိ အကန့်အသတ်များခဲ့ပြီးနောက်ပိုင်းတွင် ဖြေလျှော့မှုအများကြီး ပေးလာခဲ့သည်။ ဤတွင် ဝါဒဖြန့်လှုံ့ဆော်သောမီဒီယာနှင့် ပရော်ဖက်ရှင်နယ်မီဒီယာဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားထွက်ပေါ်လာပြီး စာဖတ်သူအချို့က ထိုအရာကို ခွဲခြား၍မြင်နိုင်စွမ်းအား နည်းနေကြသည်။ ဝါဒဖြန့်မီဒီယာဟုဆိုလျှင် ပြည်သူလူထုက ကြေးမုံနှင့် မြန်မာ့အလင်းလောက်သာမြင်နေကြပြီး ယခုခေတ် ပါတီနောက်ခံ၊ ခရိုနီနောက်ခံ၊ အလားတူ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် နောက်ခံတစ်ခုခုက ဆန့်ကျင်ဘက် အဖွဲ့အစည်းများကို စောင့်ကြည့်တိုက်ခိုက်ဖို့၊ ကိုယ့်အယူအဆကိုယ် ကြေညာဖို့လုပ်ဆောင်လာသော မီဒီယာများကို သဲသဲကွဲကွဲ မမြင်နိုင်ဖြစ်နေကြသေးသည်။  ပရိသတ်အဆင့်အတန်းက သူ့ဟာသူ ရွေးဖတ်မသွားသရွေ့ မီဒီယာများကို ဒီပုတ်ထဲကဒီပဲဟုမြင်နေကြဦးမည်ထင်၏။

ပြန်ကြားရေးဝန်ကြီးဌာနက အများပြည်သူ ဝန်ဆောင်မှုမီဒီ ယာဆိုပြီး ကြွေးကြော်လာသည့် တိုင် ပြည်သူ့ဘဏ္ဍာဖြင့်သုံးသည့် ပုံနှိပ်စက်နှင့်ရုပ်သံမီဒီယာများကို အသုံးချပြီး ပြည်သူအများသိချင်၊ ကြားချင်သည့်သတင်းမျိုးကို မထုတ်လွှင့်ဘဲ ၂၀၁၃ ခုနှစ်အတွင်း ပြောကြားခဲ့သော နိုင်ငံတော်သမ္မတမိန့်ခွန်းနှင့်လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းများကိုပင် တည်းဖြတ်တာမျိုးတွေပြုလုပ်ခဲ့ဖူးသည်။ ထား။ထိုကိစ္စက ဒီမိုကရေစီနိုင်ငံတွင်မရှိသင့်တော့သည့် နိုင်ငံပိုင်မီဒီယာအပိုင်း။

ပုဂ္ဂလိကမီဒီယာအပိုင်းက ဂျာနယ်လစ်ဇင်ကျင့်ဝတ်ကို ထိန်း သိမ်းကာ ပြည်သူတို့အား အသိ ပေးရန်လိုအပ်သည့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးအချို့၏ မဆင်မခြင် ပြောဆိုမှု၊ လွှတ်တော်မှပြဋ္ဌာန်း သောဥပဒေများ၏ အားနည်းမှု၊ အစိုးရဝန်ထမ်းများ၏စီမံခန့်ခွဲမှု ပေါ့လျော့မှုနှင့် လာဘ်ပေးလာဘ် ယူမှု၊ ပြည်သူလူထုတို့၏နစ်နာမှု စသည်တို့ကို အစဉ်တစိုက်မီး မောင်းထိုးပြနေသော်လည်း တာဝန်ယူလိုမှုနှင့် တာဝန်သိမှု အားနည်းကြခြင်းကြောင့် ဘယ်သတင်းတင်တင် သူတို့အတွက် မထူးဆန်းသလိုဖြစ်လာနေသည်။ မီဒီယာများက အင်နှင့်အားနှင့် ထောက်ပြသည်ကိုပင် သက်ဆိုင် ရာအာဏာပိုင်တို့က အရေးယူရန် ပျက်ကွက်လာသောအခါ (သို့မ ဟုတ်) အပြစ်ကျူးလွန်သူတို့က ပြုပြင်ရန်ကြိုးစားမှုမရှိလာသော အခါ ပြည်သူလူထုဘက်ကလည်း မီဒီယာများကို စတုတ္ထမဏ္ဍိုင်ဟု အမြင်မတွေ့တော့ပုံရလာ၏။

(ဃ)

၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီအစိုးရမတက်မီက စာနယ်ဇင်းနှင့်မီဒီယာလောကသာမက အခြားသော နိုင်ငံရေးနှင့်လူမှုရေး နယ်ပယ်အသီးသီးပါ အမှောင်ခေတ်ထဲတွင် ရုန်းကန်နေခဲ့ရပါသည်။ ထိုအခြေအနေကို‘ဇွန်ပန်းရုံအနီး  နွံထဲ၌လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူ တွန်းလျှင်ရွေ့နိုင်ပါသည်’ဟု တစ်ချိန်ကဖတ်စာအုပ်ထဲမှ စာသားလေးကို ကိုးကားကာပြည်သူလူထုပါဝင်လာဖို့လှုံ့ဆော်ခဲ့ကြပါသည်။

ယခုထိုအားကြောင့်လည်း လှည်းဘီးမှာ နွံထဲကလွတ်မြောက် ခဲ့ရပါသည်။ လက်ဖက်ရည်ဆိုင် မှာ နိုင်ငံရေးအကြောင်းစိတ်လွတ် ကိုယ်လွတ်ပြောခွင့်ရလာ၏။ ဘီဘီစီနားထောင်နားထောင်၊ ဒီဗီဘီကြည့်ကြည့် ဘယ်သူမှဂရုစိုက်စရာမလို။ အချိန်မတော်မှာ ခြင်ထောင်လှန်ကာ ဧည့်စာရင်း စစ်ဆေးမည့်သူမရှိ။ အင်တာနက်မှနေ၍လည်း ကိုယ်မကြိုက်သည့်ပို့စ်ကို ကိုယ်ကြိုက်သလို မန့်လို့ရနေပြီဖြစ်၏။ သို့သော် ဒီလောက်နဲ့ကျေနပ်နေကြမှာလားဟုမေးချင်ပါသည်။ လှည်းဘီးကနွံထဲမှ လွတ်ရုံရှိပါသေး၏။ ရှေ့သို့မရွေ့ သေးပါ။ အားမလျှော့ကြပါနှင့်ဦး။ရေးသူကလည်း ရေးပါဦးမည်။ ဖတ်သူများကလည်း ဝေဖန်ထောက်ရှုပေးကြပါဦး။ ထိုမှသာအားလုံးလိုလားသည့် ဒီမိုကရေစီပန်းတိုင်ကြီးသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း ...။

Top News