မိုးရွာလျှင် မီးပြတ်၍ ရန်ကုန်ပြည်သူများ အခက်ကြုံ

မုန်တိုင်းအရှိန်ကြောင့် မေလ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် ရန်ကုန်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ သွားလာသူများ အခက်တွေ့ခဲ့သည်။ (ဓာတ်ပုံ − နစ်ကီ)

 ရန်ကုန်မြို့တွင် မေလ ၂၅ ရက်ကစ၍ နေ့စဉ် မိုးရွာသွန်း ခိုက် မြို့နယ်အများစု၌ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ အခက်တွေ့ခဲ့သည်။

မြို့တွင်း မြို့နယ်များနှင့် ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူအချို့ကို မေးမြန်းမှုအရ မိုးရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှု အလွန်အမင်း မဖြစ်သော်လည်း နေ့စဉ် မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများ ရှိနေကြောင်း ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မိုးရွာသွန်းခြင်း ကြောင့် နောက်ဆက်တွဲအဆင်မ ပြေမှုများ ကြုံတွေ့နေရကြောင်း ရေးသားဖော်ပြကြသည်။


‘‘မိုးရွာရင် မီးပြတ်တာက ထုံးစံလိုဖြစ်နေပြီ။ အခုဟာက မိုး ပါရွာနေတော့ အပြင်ထွက်ဖို့ လည်းခက်။ ၀ယ်ဖို့ခြမ်းဖို့လည်း ခက်တော့ မိသားစုရှိတဲ့ လူတွေက ချက်ရတာ ပြုတ်ရတာ မလွယ် ဘူး။ လူတိုင်းက အင်ဗာတာတို့၊ မီးစက်တို့မှ မ၀ယ်နိုင်ကြတာ’’ဟု ယုဇနဥယျာဉ်မြို့တော်နေ ဒေါ်လှ လှထွေးက ပြောသည်။ ၎င်းတို့မြို့နယ်အတွင်း အိမ်ထောင်စု အ တော်များများသည်လည်း အ လားတူ အခက်အခဲမျိုး ကြုံတွေ့ နေရကြောင်း ၎င်းကဆိုသည်။

အင်းစိန်မြို့နယ်နေ ဒေါ်ပပ လှိုင်က မိုးရွာသွန်းမှုများ၍ အင်း စိန်ဈေးနှင့် ရပ်ကွက်ဈေးအချို့ သည် စောစောပိတ်သိမ်းကာလျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဂက်(စ်)အိုးဖြင့် ချက်ပြုတ်ကြရ ကြောင်း ပြောသည်။

 မိုးရွာသွန်းမှုများကြောင့် ဈေးသည်များသည်လည်း အချိန် ဆွဲရောင်းချခြင်း မပြုတော့ဘဲ စောစီးစွာသိမ်းကြောင်း လှိုင်သာ ယာမြို့နယ် အမှတ်(၂) ညနေ ဈေးမှ ဒေါ်တိုးမြင့်ကပြောသည်။ ‘‘မိုးရွာတော့ ဈေးသည်တွေလည်း စောစောပြန်ချင်တာပေါ့။ ကိုယ့် အိမ်လည်း ကိုယ်ပြန်ချက်ပြုတ်ရ ဦးမယ်လေ။ မီးမလာတော့ ထင်း နဲ့ မီးသွေးနဲ့ ချက်ဖို့ကျလည်း စိုစိုစိစိနဲ့လေ။ စောစောနားကြတာ ပေါ့’’ဟု ၎င်းကဆိုသည်။

မိုးရွာသည်နှင့် မီးပြတ်စေ ရန် ၎င်းတို့ဌာနက မီးဖြတ်နေခြင်း မဟုတ်ဘဲ လျှပ်စစ်သွယ်တန်း ပစ္စည်းများ ချွတ်ယွင်းချက်ကြောင့် သာ မီးပြတ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ဒုအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောသည်။ မိုးရွာသွန်းမှုများ ထပ်မံရှိနေ၍ မီးမပျက်စေရန် အ ကောင်းဆုံး လုပ်ဆောင်နေ ကြောင်း ဦးစောဝင်းမောင်က ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရန်ကုန်မြို့တွင် လျှပ်စစ် မီးပြတ်တောက်မှုအပြင် နောက် ဆက်တွဲ အခက်ကြုံမှုများပါရှိနေ သည်။ ‘‘သွားလာရေးလည်း အ ဆင်မပြေဘူး။ အခုမှ မိုးတွင်းစ၀င် လို့ အသားမကျသေးတာရယ်။ မိုးက အရမ်းသည်းတာလည်းပါ တယ်။ မိုးသည်းတော့ ဘတ်စ်ကားတော့ မစီးဖြစ်တော့ဘူး။ ဒီ နေ့တင် တက္ကစီသုံးခေါက်လောက် စီးလိုက်ရတယ်’’ဟု မြန်မာ့အာမခံ လုပ်ငန်းဝန်ထမ်း မထွေးသူဇာက ပြောသည်။

ထို့အပြင် မိုးရွာသွန်းမှုများ နှင့် လျှပ်စစ်မီးပြတ်တောက်မှုများ ကြောင့် ဈေးဆိုင်များ ပိတ်ထား၍ အစားအသောက်အရောင်းဆိုင်များ၌ ၀ယ်ယူရန် ခက်ခဲနေကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုများ ရှိနေသည်။

ထို့အပြင် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းနားလမ်း ညဈေးနေရာနှင့် တောင်ဥက္ကလာပ၊ လှိုင်သာယာ နှင့် သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံမြို့ နယ်အပါအ၀င် ဆင်ခြေဖုံးအချို့၌ ရေကြီးရေလျှံမှု အနည်းငယ်ဖြစ် ပွားခဲ့သည်။ ရေကြီးရေလျှံမှုများ သည် ယခုမိုးရာသီနှစ်များထက် နည်းပါးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်းတံတား)ဌာနမှ ဒုဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။

ထို့အပြင် စမ်းချောင်းမြို့ နယ်အတွင်း မြန်မာနိုင်ငံ ဗုဒ္ဓဂယာ ကျောင်းတိုက်တွင် မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် မြေသား အောက်ခံလျော့ရဲလာ၍ မေလ ၂၉ ရက်က အုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားကာ မော်တော်ယာဉ်များ ထိခိုက်ပျက်စီးခဲ့သည်။ မိုးရက် ဆက်ရွာသွန်းမှုကြောင့် မြေသားပွ ရောင်းလာခြင်းဖြစ်ကာ အမြင့် ၆ ပေ၊ အလျား ၁၈ ပေရှိ အုတ်တံ တိုင်းသည် အနီးရှိ ကားများပေါ် သို့ ပြိုကျခဲ့ကြောင်း အဆိုပါကျောင်းတိုက်မှ ဦးပဉ္ဇင်းတစ်ပါးက မိန့်သည်။ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေလျှံခြင်းများ ဖြစ်နိုင်ကြောင်း မိုးဇလဌာနက မိုးလေ၀သ သတင်းများတွင် ထည့်သွင်းကြေညာထားသည်။

 ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းစတင်တိုက်ခတ်ခဲ့ သည့် မေလ ၂၆ ရက် နောက်ပိုင်း က စတင်ကာ ရန်ကုန်မြို့၌ နေ့ စဉ် မိုးရွာသွန်းခဲ့သည်။ အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးအပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအများအပြား တွင် မိုးရွာသွန်းနေသည်။

ပင်လယ်တွင် မုန်တိုင်းဖြစ် နေပြီး လူထုက မိုးလေ၀သ သ တင်းများကို စိတ်ဝင်စားနေချိန်၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိုးလေ၀သသတင်းများ ထုတ်ပြန် ရန် ခက်ခဲခဲ့ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ‘‘မီးပြတ်နေတဲ့အတွက် တစ်ညနေ လုံး သတင်းမထုတ်ပြန်နိုင်ခဲ့ပါ’’ ဟု ရေးသားဖော်ပြခဲ့သည်။

More in News Section