စေတီပရိဝုဏ်အတွင်း ချိန်းတွေ့သည့်စုံတွဲအား ဟန့်တားသည့်ဆရာတော် ဓားထိုးခံရ

ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ပွင့်လှသိမ်ကုန်းရပ်ရှိ ပုညရှင်စေတီ ဓမ္မာရုံကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အား လူငယ်တစ်ဦးက ကျောင်းတွင်းသို့ ၀င်ရောက်၍ ဓားဖြင့်ထိုးခဲ့သဖြင့် ပြည်ဆေးရုံကြီး ခွဲစိတ်ကုသဆောင်၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း ပြည်မြို့အမှတ် (၂) ရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ ၁၃ ရက် မွန်းလွဲ၃နာရီခန့်တွင် ရတနာထီးဖြူရပ်ကွက်နေ ရဲဝင်း (ခ) ရဲနိုင်သည် ရည်းစားဖြစ်သူနှင့် စေတီပရိဝုဏ်အတွင်း ချိန်းတွေ့စဉ် ကျောင်းထိုင်ဆရာတော်က မသင့်လျော်သဖြင့် တားမြစ် ခဲ့ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မကျေနပ်သဖြင့် မေ ၁၄ ရက် ၂ နာရီခန့်တွင် ကျောင်းသို့ရောက်ရှိပြီး ဆရာတော်အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သက်တော် (၈၂) နှစ်၊ ၀ါတော် (၅၆) ၀ါ ရှိ ဆရာတော် ဦးသောဘိတသည် ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာနှင့် အခြား ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။ ဓားဖြင့်ထိုးခဲ့သူ ရဲနိုင်ကို မေ ၁၅ ရက် နံနက် ၂ နာရီ ၅ မိနစ်တွင် လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ပြည်မြို့အမှတ် (၂) ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။