ပြည်ပရောက်မြန်မာများကချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကျင်းပ

 ပြည်ပရောက် မြန်မာနိုင်ငံသားများချီးမြှင့်သည့် ၂၀၁၇ အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီး မြှင့်ပွဲကို ဇွန်လ ၄ ရက်က ရန်ကုန် မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည်။

ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူများကို အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့တွင် မေလ ၂၈ ရက်က ကြေညာထားကာ ဇွန်လ ၄ ရက်၌ လာရောက်ဆု ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါဆုပေးပွဲတွင် ဖောင် တော်ဦးဘုန်းတော်ကြီးပညာသင် ကျောင်းအား ပြည်သူ့ဂုဏ်ရည် ပေးအပ်ခဲ့ပြီး အထူးဆုများကို မြင့်မိုရ်မေတ္တာ Single Mother ဂေဟာမှ ကိုစိုးထိုက်၊ စာကြည့်တိုက်များကွန်ရက်(Save the Library)အဖွဲ့နှင့် လျှပ်စစ်အင်ဂျင်နီယာ ကိုအေးကျော်ကျော်တို့အား ပေးအပ်ခဲ့  သည်။

ဖောင်တော်ဦး ဘုန်းတော် ကြီး ပညာသင်ကျောင်းသည် ကျောင်းသား၊ ကျောင်းသူ ၈,၀၀၀ ခန့်ကို အခမဲ့စာသင်ကြားနေခြင်းဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းများတွင်ကျယ်စွာ လုပ်ဆောင်နိုင်သည့် ပရဟိတအဖွဲ့ဖြစ်၍ ပေးအပ်ခဲ့ကြောင်း ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့ ဖလော်ရီဒါဌာနခွဲမှ ဦးသန်းနိုင်က ပြောကြားခဲ့သည်။ ‘‘ပညာရေးစနစ် မှန်မှန်ကန်ကန်နဲ့ ကျောင်းသားဗဟိုပြု တွေးခေါ်တတ်အောင် သင်ပေးတာ။ ဖောင်တော်ဦးရဲ့အောင်မြင်မှုက  မြန်မာနိုင်ငံ ပညာရေးမှာ စံပြပဲ’’ဟု ဦးသန်းနိုင်က ပြောသည်။

အဆိုပါချီးမြှင့်ပွဲတွင် ဆုများ ကို ဆန်ခါတင်လူပုဂ္ဂိုလ် ၃၇ ဦးထဲ မှ ရွေးချယ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည် ဆုကို ကန်ဒေါ်လာတစ်သောင်း၊ အထူးဆုများကို ဒေါ်လာတစ် ထောင်စီ ချီးမြှင့်ခဲ့သည်။

၂၀၁၆ တွင် ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့ မှ ဒေါက်တာသန်းမင်းထွဋ်က ရရှိ ခဲ့ပြီး ၂၀၁၅  ၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် မဖြိုးဖြိုးအောင်က ရရှိခဲ့သည်။

More in News Section