ခြောက်နှစ်ကြာ အိမ်ဝေးသူတို့၏ အိမ်လွမ်းဝေဒနာ

မန်စီမြို့နယ် မိုင်ခေါင်စစ်ဘေးဒုက္ခသည်စခန်းရှိ စစ်ဘေးသင့်ကလေးငယ်အချို့ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

မှိန်ပျပျလှမ်းမြင်နေရသည့် တရုတ်နယ်စပ်တောင်တန်းများ နှင့်အပြိုင် သွယ်တန်းနေသည့် ကတ္တရာလမ်းလေးပေါ်က မြင် ကွင်းသည် ခြောက်နှစ်ကြာသော် လည်း ပြောင်းလဲခြင်းမရှိသေး။

လမ်းဘေးဝဲယာ တစ် လျှောက် လူသူကင်းမဲ့နေသည့် အိမ်ပျက်များ၊ လုံခြုံရေးစစ်ဆေး သည့်ဂိတ်များနှင့် မြန်မာ့တပ်မ တော်စခန်းများက ဒေသအခြေအ နေကို တစ်စွန်းတစ်စလှစ်ဟပြနေ သည်။

ကချင်ဒေသတွင် တပ်မတော်နှင့် KIA ကြား တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၂၀၁၇ ဇွန်လ ၉ ရက်တွင် ခြောက် နှစ်ပြည့်ပြီဖြစ်သည်။

KIA သည် ၁၉၉၄ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက် ရယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ် သည်။ သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်း နှစ်လကျော်အကြာ ၂၀၁၁ ဇွန်လ ၉ ရက်တွင် ၁၇ နှစ်ကြာ တည်မြဲခဲ့သည့် အပစ်အခတ် ရပ်စဲရေးကျိုးပျက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် KIA တို့ကြားတစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် လာမည့် ဇွန်လ ၉ ရက်တွင် တစ်ကျော့ပြန်စစ်ပွဲ ခြောက် နှစ်ပြည့်ပေပြီ။

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် KIAသည် နယ်ခြားစောင့်တပ် BGF အသွင်ပြောင်းရေးကို လက်မခံရာမှ အစိုးရနှင့် တင်းမာမှုများရှိခဲ့သည်။ ထို့နောက် ၂၀၁၁ ဇွန်လ ၉ ရက် တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တာပိန် ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ KIA တပ်များနှင့် တပ်မတော်တို့တိုက်ပွဲစတင် ဖြစ်ပွားရာမှ တစ်ကျော့ပြန်စစ် စတင်ခဲ့ခြင်းဖြစ် ကြောင်း စစ်ရေးလေ့လာသူများ က ဆိုသည်။

 ခြောက်နှစ်တာအတွင်း မြန်မာ့တပ်မတော်နှင့် KIA တို့ တိုက်ပွဲထိတွေ့မှု အကြိမ်ရေ ၂,၆၀၀ နှင့်အထက် ဖြစ်ပွားခဲ့ ကြောင်း စောင့်ကြည့်လေ့လာ သည့် အဖွဲ့အစည်းများက ပြော သည်။ တိုက်ပွဲများအတွင်း KIA တပ်ဖွဲ့ဝင် ၂၀၀ ထက် မနည်းသေဆုံးပြီး ၁,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ ကြောင်း KIA ဘက်က ပြောပြီးတပ်မတော် ဘက်ကမူ  အသေးစိတ်တရားဝင် ထုတ်ပြန်မှုမရှိခဲ့။ သို့သော် နှစ်ဖက်ထိခိုက်ကျဆုံးမှု သည် ခန့်မှန်းသည်ထက် ပိုမိုများပြားနိုင်ကြောင်း စစ်ရေးလေ့လာ စောင့်ကြည့်သည့် အဖွဲ့အစည်း များက သုံးသပ်သည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ကို အမြဲဖြတ်သန်းသွားလာနေ သော ပြည်သူတစ်ဦးဖြစ်သည့် ကိုစိုင်းကတော့ တိုက်ပွဲများ ကြောင့် လမ်းဘေးဝဲယာတစ် လျှောက် လူသူစွန့်ခွာထားသည့် အိမ်ပျက်များကိုမြင်တိုင်း စစ်ဘေး သင့်ပြည်သူများအတွက် စိတ် မကောင်းဖြစ်ရကြောင်း ဆိုသည်။

‘‘တချို့အိမ်တွေဆို လုံးဝ ပျက်စီးနေပြီ။ သူတို့ (စစ်ဘေးသင့် ပြည်သူများ) ဘယ်ရောက်နေကြ လဲ တွေးမိရင် စိတ်မကောင်းဘူး ကွာ’’ဟု ရှမ်းသံဝဲ၀ဲဖြင့် ကိုစိုင်းက ပြောသည်။


ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်းမှ ထင်းခုတ်ပြန်လာသူအချို့ (ဓာတ်ပုံ-စိုင်းဇော်)

၂၀၁၁ ကစ၍ တပ်မတော် နှင့် တိုက်ပွဲများ အဓိကဖြစ်ပွားနေ သည့် အဖွဲ့ဟု ဆိုနိုင်သည့် KIOသည် လိုင်ဇာညီလာခံမတိုင်မီ အထိ အစိုးရနှင့် တိုက်ရိုက်ဆွေး နွေးမှုများပြုလုပ်ခဲ့သည်။ ၂၀၁၃ စက်တင်ဘာနှောင်းပိုင်းက ပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံနောက် ပိုင်းကစ၍ KIO က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုဖွဲ့၍ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ် (NCA)ကို ဆွေးနွေးမှု များကို ပြောင်းလဲချဉ်းကပ်ခဲ့ သည်။

ယင်းသို့လိုင်ဇာတိုင်းရင်း သားလက်နက်ကိုင်ထိပ်သီးညီလာ ခံကျင်းပနိုင်ရန် အစိုးရနှင့်မြစ်ကြီး နားမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်

KIO ဘက်မှ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ KIO ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ညီလာခံ ပြုလုပ်ပြီး အစိုးရနှင့် NCA ဆွေး နွေးရန် တိုင်းရင်းသားလက်နက် ကိုင်ကိုယ်စားလှယ်များကို အစပျိုးစုဖွဲ့ခဲ့ခြင်းကြောင့် KIO သည် ဦး ဆောင်အဖွဲ့ဟုလည်း ဆိုနိုင်သည်။သို့သော် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ အောက် တိုဘာက အဖွဲ့ရှစ်ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး KIO အပါအဝင် အဖွဲ့အများစုသည် လက်ရှိအချိန်ထိ လက်မှတ်ရေး ထိုးခြင်း မရှိသေးပါ။ အဖွဲ့ရှစ်ဖွဲ့ က NCA လက်မှတ်ရေးထိုးပြီး နောက်တွင် KIO က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် UNFC မှတစ်ဆင့်  အစိုးရနှင့် NCA ကို ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ပင်လုံညီလာခံသို့ KIA တက်ရောက်ခဲ့သည်။ ညီလာခံ နောက်ပိုင်းတွင်တော့ ဂီဒွန်တောင်ကုန်းတိုက်ပွဲများကြောင့် စစ်ရေးတင်းမာမှုအမြင့်ဆုံး ရောက်ခဲ့သည်။ ထို့နောက် UNFC နှင့် ဆွေးနွေးပွဲများ တစ်ဖန်ပြုလုပ်၍ အရှိန်ယူနေဆဲကာလတွင် ဖြစ်ပွားခဲ့သော မူဆယ်ဒေသ တိုက်ပွဲများကြောင့် KIA နှင့်မဟာမိတ်အဖွဲ့များကို ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြန်သည်။

KIA၊ ကိုးကန့်နှင့် တအာင်း စသည့် ပူးပေါင်းအဖွဲ့များက ၂၀၁၆ နိုဝင်ဘာတွင် တရုတ်နယ် စပ်ကုန်သွယ်ရေးဒေသ မူဆယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရပ် သားအချို့ထိခိုက်သေဆုံးခဲ့ခြင်း ကြောင့်ဖြစ်သည်။

ယင်းနောက်ပိုင်းတွင်တော့ ဆွေးနွေးမှုများတုံ့ဆိုင်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်လည်း စိုးရိမ်မှုများ  ဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် KIO က UNFC မှ နုတ်ထွက်ခွင့် တောင်းဆိုခဲ့ပြီး NCA ပြင်ပလမ်းကြောင်းဆောင်ရွက်မည်ဟု အတိအလင်းထုတ်ဖော်ထားသည့် ‘၀’ အဖွဲ့ဦးဆောင်သော မြောက်ပိုင်းအဖွဲ့နှင့်ပူးပေါင်းခဲ့ကာ ပန်ဆန်းဆုံးဖြတ်ချက်တွင် ပါဝင်လာသည်။ စောင့်ကြည့်အကဲခတ်များကတော့ KIO သည် လမ်းကြောင်း ဝေဝါးနေကြောင်း သုံးသပ်သည်။

 ‘‘တောင်ဘက် ချင်းမိုင် (UNFC)လမ်းကြောင်းလာလိုက်၊ မြောက်ပိုင်း ပန်ဆန်းလမ်းကြောင်း သွားလိုက် နောက်ပြီးတော့ ဘိုင် လထရယ်လို့ခေါ်တဲ့ နှစ်ဖွဲ့ချင်း တွေ့ဖို့ ကြိုးစားလိုက်ဆိုတော့၊ အဲဒီလို ဝေဝါးနေမယ်ဆိုရင်တော့  နည်းနည်းလေးတော့ ရှင်းရှင်းလင်းလင်း လမ်းကြောင်းတော့ မပေါ် သေးဘူးပေါ့။ မပေါ်မချင်းတော့ လူထုက အခက်အခဲဖြစ်နိုင်တာ ပေါ့’’ဟု ပအိုဝ်းလက်နက်ကိုင်အ ဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မှတ်ချက်ပြုသည်။

ကချင်အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးသည် ပုံစံအ မျိုးမျိုးဆွေးနွေးမှုများကြား တိုး တက်မှုအချို့ရှိသည်ဟု ဆိုနိုင် သော်လည်း ပြည်သူများလိုလား သည့် ရလဒ်တော့ မရရှိသေးပါ။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၃ တွင်မြစ်ကြီး နားနှင့် လိုင်ဇာမှ စတင်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အစုအဖွဲ့များကြား NCA ကို အခြေခံသည့် ဆွေးနွေးမှုများ  မှာလည်း အစိုးရသစ်လက်ထက် တစ်နှစ်ကျော်ကာလအထိ လိပ် ခဲတည်းလည်း အခြေအနေတွင်ရှိ နေဆဲဖြစ်သည်။

NCA အခြေခံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ လေးနှစ် ကျော်ကာလ နိမ့်ချည်မြင့်ချည် ဆွေးနွေးမှုများကြား ၂၁ ရာစုပင် လုံညီလာခံဟု ခေါ်ဆိုသည့် ငြိမ်း ချမ်းရေးညီလာခံတွင် အချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ ညီချက် အစိတ်အပိုင်း (၁)အဖြစ် ချုပ်ဆို၍ ခရီးတစ်ထောက်နားနေ ဆဲဖြစ်သည်။

ထို့အပြင် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအပြီးတွင် ကချင်၊ ရှမ်းမြောက်ဒေသအချို့ တွင် တိုက်ပွဲများဆက်လက်ဖြစ် ပွားခဲ့ခြင်းကြောင့်လည်း စိုးရိမ်မှု များ တိုးပွားစေခဲ့ပြန်သည်။ ပင်လုံ အစည်းအဝေးအပြီး တစ်ပတ်မ ပြည့်မီမှာပင် ကချင်ပြည်နယ် တနိုင်းဒေသတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား ခဲ့သည်။ ဇွန်လ ၅ ရက်အထိ အ ခြေအနေ တင်းမာနေဆဲဖြစ်ပြီး ဒေသခံထောင်နှင့်ချီ တိမ်းရှောင် ရန် ပြင်ဆင်နေကြသည်ဟု အ ရပ်ဘက်အဖွဲ့အစည်းများက ဆို သည်။

ကချင်ဒေသအပါအ၀င်ပြည်တွင်းငြိမ်းချမ်းရေးခရီးစဉ်မှာ စိန်ခေါ်မှုများ ပြည့်နှက်နေဆဲဖြစ်သည်။


မြန်မာ−တရုတ်နယ်စပ် ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်းတွင် ကလေးငယ်အချို့ မီးလှုံနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စောင့်ကြည့်အကဲခတ်များ ကတော့ လမ်းကြောင်းမတူညီ သည့် တိုင်းရင်းသားအင်အားစု နှစ်စုနှင့် ဆွေးနွေးရမည့်အတွက် ပင်လုံဒုတိယအစည်းအဝေးအ လွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရအတွက် ပိုမိုခက်ခဲနိုင် ကြောင်း သုံးသပ်သည်။

ပင်လုံဒုတိယအစည်းအဝေး အလွန်တွင် အစိုးရအနေဖြင့် NCA လက်မှတ်မရေးထိုးရသေး သည့်အဖွဲ့များကို ပုံစံ နှစ်မျိုးဖြင့် ချဉ်းကပ်ရမည်ဖြစ်သည်။ NCA မ ထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆို သည့် ‘၀’အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များနှင့် NCA လမ်းကြောင်းအရ ချဉ်းကပ်မည့် UNFC အင်အားစုများဆိုသည့် လမ်းကြောင်းမတူညီသည့်အခင်း အကျင်းနှစ်ခုကို ကစားရမည်ဖြစ် သည်။

‘၀’အဖွဲ့ (UWSP) ဦးဆောင် သည့် မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့က NCA ပြင်ပမှာ နိုင်ငံရေးဆွေးနွေး မည်ဟု အတိအလင်းထုတ်ဖော် ထားသည်။ ထိုသို့ဆွေးနွေးနိုင်ရန် ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်း ထားသည်။ ‘၀’အဖွဲ့ခေါင်းဆောင် သော ကော်မတီတွင် KIO၊ ရှမ်း (SSPP)၊ တအာင်း (TNLA)၊ ကိုး ကန့်၊ ရခိုင် (AA)၊ မိုင်းလားတို့ပါ ၀င်ပြီး ယင်းအဖွဲ့အားလုံးမှာ တရုတ်နယ်စပ်တွင် အဓိက အခြေ ချလှုပ်ရှားသည်။

မြောက်ပိုင်းလက်နက်ကိုင် များနှင့်ဆွေးနွေးရာတွင် အိမ်နီး ချင်းတရုတ်နိုင်ငံ၏ အခန်းကဏ္ဍ မှာ အခရာကျနေကြောင်းလည်း အကဲခတ်များက သုံးသပ်သည်။

NCA ပြင်ပ ဆွေးနွေးမည်ဆိုသည့် မြောက်ပိုင်းအဖွဲ့များက NCA အရ ကျင်းပသည့် ၂၁ ပင်လုံညီလာခံ တက်ရောက်ရန် တရုတ်အစီအစဉ်ဖြင့် ကူမင်းမှ နေ ပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်း က အိမ်နီးချင်း နဂါးကြီး၏ အရေး ပါမှုကို ထင်ရှားစေခဲ့သည်။

ထို့ကြောင့် မြောက်ပိုင်းအဖွဲ့ များ NCA လမ်းကြောင်းတွင် ပါ ၀င်လာရေးက အစိုးရနှင့် တရုတ် ဆက်ဆံရေးတွင် အဓိကမူတည် နေကြောင်း သုံးသပ်ကြသည်။

ပင်လုံဒုတိယအစည်းအဝေး ကာလတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် မြောက်ပိုင်းခေါင်း ဆောင်များ တွေ့ဆုံနိုင်ခဲ့မှုကြောင့် ဆွေးနွေးရေးလမ်းကြောင်း ပွင့်ပြီ ဟု ကြွေးကြော်ထားသည်။

KIO ဒုတိယဥက္ကဋ္ဌ အင်ဘန် လက ၂၁ ရာစုပင်လုံသို့ တက် ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုလမ်းကြောင်းရခဲ့ ကြောင်း ပြောသည်။

ထိုင်းနယ်စပ်အခြေစိုက်အ ဖွဲ့အများစုပါဝင်သည့် ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က NCA အတွက် အစိုးရနှင့် လမ်း ကြောင်းရှာနေသည်။ သို့သော် ဥက္ကဋ္ဌ KIO က  UNFC မှ နုတ် ထွက်ခွင့်တောင်းထားပြီး SSPP နှင့်အတူ မြောက်ပိုင်းအဖွဲ့တွင် လည်း ပါဝင်ထားသည်။ ထို့အတူ ‘၀’အမျိုးသားအဖွဲ့ချုပ်ကလည်း UNFC မှ နုတ်ထွက်ခွင့်တောင်း ထားသည်။

သို့သော် UNFC မှ အင်အား ကြီးအဖွဲ့များဖြစ်သည့် ကရင်နီအ မျိုးသားတိုးတက်ရေးပါတီနှင့် မွန် ပြည်သစ်ပါတီတို့ကမူ NCA လမ်း ကြောင်းအရသာ ဆက်လက်အ ဖြေရှာမည်ဟု အတိအလင်းထုတ် ဖော်ထားသည်။ အစိုးရနှင့် UNFC မှာ NCA အခြေခံ၍ ဆက်လက် ဆွေးနွေးရန် ပင်လုံဒုတိယအစည်း အဝေးအပြီးတွင် ညှိနှိုင်းမှုများ ပြု လုပ်နေသည်။ ဇွန်လ ၁၂ ရက်မ တိုင်မီ ဆွေးနွေးမှုများ ပြန်လည် စတင်ရန် နှစ်ဖက်ညှိနှိုင်းနေခြင်း ဖြစ်သည်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင်ပါဝင်နေသည့် ပုဂ္ဂိုလ်တစ်ဦး ကတော့ KIO နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီးနောက် UNFC မှာ ဦးဆောင်သူပျောက်နေကြောင်း မှတ်ချက်ပြုသည်။

‘‘UNFC ကတော့ လောလော ဆယ် ခေါင်းဆောင်ပျောက်နေတာ ပေါ့’’ဟု ၎င်းက သုံးသပ်သည်။

နုတ်ထွက်ရန် တောင်းဆို ထားသည့်အဖွဲ့များကိစ္စအပါအ ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးဆုံးဖြတ်မည့် UNFC ညီလာခံကို ဇွန်လအတွင်း ပြုလုပ် ရန် စီစဉ်ထားသည်။ ယင်းညီလာခံ အပြီးတွင် UNFC ရပ်တည်ချက်နှင့် ဦးဆောင်သူအပြောင်းအလဲကို ရှင်းလင်းစွာသိရမည်ဟု လေ့လာ သူများက ပြောကြားသည်။ အစိုး ရနှင့် KIA အပါအ၀င် မြောက်ပိုင်း အဖွဲ့များ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းများ အားကောင်း မောင်းသန် မဖြစ်သေးချိန်တွင် တနိုင်းဒေသ၌ တပ်မတော်နှင့် KIA ကြား အခြေအနေတင်းမာနေ သည်။

မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန် ဂျာက တစ်ကျော့ပြန်ကချင်တိုက်ပွဲ ခြောက်နှစ်အတွင်း စစ်ဘေးဒုက္ခ သည်များမှာ တစ်နှစ် ထက်တစ်နှစ် ပို၍ အခက်အခဲ ကြုံတွေ့နေရ ကြောင်းဆိုသည်။

‘‘ခြောက်နှစ်တာအတောအ တွင်း အခုအချိန်ထိ ဘာမှအ ပြောင်းအလဲမရှိဘူး။ ကိုယ့်ဒေသ၊ ကိုယ့်ရွာလည်း ပြန်နိုင်တာမရှိ သေးဘူး။ ဒုက္ခရောက်နေတာတွေ က နယ်စပ်ဘက်မှာ ရှိနေတဲ့ဟာ တွေ၊ နောက်ပြီး မြို့ပေါ်မှာရှိတဲ့ ဟာတွေလည်း အရင်ကလိုကုလ သမဂ္ဂဘက်တို့၊ NGO တို့ကူညီတဲ့ အပိုင်းမှာ လျော့သွားတာမျိုးရှိတဲ့ အခါကျတော့ ဒုက္ခသည်တွေက တော့ တော်တော်လေးကို အခက် အခဲကြုံတွေ့နေရတာရှိတယ်ဗျ’’ ဟု ဦးလမိုင်ဂွန်ဂျာက အတွေ့အ ကြုံကိုပြောသည်။

ကုလအပါအဝင်နိုင်ငံတကာ အဖွဲ့အစည်းများက လက်နက် ကိုင် ပဋိပက္ခများကြောင့် ကချင် နှင့်ရှမ်းမြောက်တွင် နေရပ်စွန့်ခွာ ပြည်သူ (အိုင်ဒီပီ) ၁၀၀,၀၀၀ခန့်ရှိ ကြောင်းခန့်မှန်းသည်။

အရပ်ဘက် ကူညီစောင့် ရှောက်ရေး အသင်းအဖွဲ့များအဆို အရ အစိုးရထိန်းချုပ်နယ်မြေတွင် ၇၀,၀၀၀ ခန့်နှင့် KIO ထိန်းချုပ် နယ်မြေတွင် ၅၀,၀၀၀ ကျော် စစ် ဘေးဒုက္ခသည်စခန်း ၁၀၀ ခန့်တွင် ခိုလှုံနေရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည် စခန်းများအနက် တရုတ်နယ်စပ်ရှိ ရှအစ်ယန်စခန်းမှာ လွန်ခဲ့သည့် ငါး လခန့်ကမှ ပေါ်ပေါက်လာသော ယာယီစခန်းတစ်ခု ဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းကဝိုင်းမော်မြို့ နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက် ပွဲများကြောင့် စစ်ဘေးဒုက္ခသည် စခန်း နှစ်ခုမှ ပြည်သူ ၁,၀၀၀ ခန့် သည် လုံခြုံရေး အခြေအနေအရ တရုတ်နယ်စပ်အနီးသို့ ထပ်မံ တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

ရှအစ်ယန်ယာယီစခန်းမှ ကလေးနှစ်ဦးမိခင် ဒေါ်နန်ရာက တော့ ယမ်းငွေ့များကြားပြေးလွှား တိမ်းရှောင်ရင်း ငါးနှစ်ကျော်အ ကြာ ယာယီစခန်းများတွင် နေထိုင် ရခြင်း ကိုစိတ်ပျက်နေပြီဟု ညည်း ညူသည်။

‘‘ငါတို့ကတော့အေးချမ်း ချင် ပြီလေ။ ခြောက်နှစ်ရှိတော့မယ်။ ကိုယ့်အိမ်ကိုယ်ပြန်ချင်တာပဲသိ တယ်’’ ဟု သူက ၂၀၁၇ ဖေဖော် ဝါရီလက ရှအစ်ယန်ယာယီစခန်း သို့ရောက်ရှိလာသော သတင်း ထောက်အချို့အား ပြောသည်။ သို့သော်ဒေါ်နန်ရာ၏ ဆန္ဒကတော့ မပြည့်ဝခဲ့ပေ။ ကချင်တိုက်ပွဲ ခြောက်နှစ်ပတ်လည်နေ့ကိုလည်း အိမ်မပြန်နိုင်သေးသည့် အခြေအ နေတွင် ခနော်နီခနော်နဲ့ မြေစိုက် တဲလေးအတွင်း သူဖြတ်သန်းရဦးမည်ဖြစ်သည်။