အောင်ဝင်းခိုင် ဖေဖော်ဝါရီပထမပတ်အတွင်း နေပြည်တော်၌ နောက်ဆုံးရှိခဲ့သည်ကို စုံစမ်းသိရဟု ရဲတပ်ဖွဲ့ဆို

ရန်ကုန်လေဆိပ်တွင် လေယာဉ်ချိန်လာရောက်စုံစမ်းနေသော အောင်ဝင်းခိုင်ကို စီစီတီဗီမှ တွေ့ရစဉ်/ အောင်ဝင်းခိုင်ကို အလိုရှိကြောင်း ကြေညာချက် (ဓာတ်ပုံ − သမ္မတရုံး)

တရားခံပြေး အောင် ဝင်းခိုင်ကို နေပြည်တော်တွင် ရှာ မတွေ့သေးကြောင်းနှင့် ဖေဖော် ဝါရီပထမပတ်အတွင်းက နေပြည်တော်ရှိ ဇေယျာဖြိုးပိုင်ဆိုင်သည့် ကုမ္ပဏီ၌ ရှောင်နေခဲ့သည်ဟု နောက်ဆုံးစုံစမ်းသိရကြောင်း ရဲ တပ်ဖွဲ့က တရားရုံးတွင် ထွက်ဆို သည်။ 

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဇွန်လ ၉ ရက်က (၁၀) ကြိမ်မြောက်ရုံးချိန်းတွင် နေပြည် တော်တွင် အောင်ဝင်းခိုင်ဖမ်းဆီးရှာဖွေမှုကို တာဝန်ယူထားသည့် မှု ခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဌေးအောင်၊ ဇမ္ဗူသီရိမြို့နယ် နယ်ထိန်းရဲတပ် ကြပ် လှဌေး၊ ဒုတပ်ကြပ်ကျော် ဇောဝင်း၊ ဇေယျာသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြ၊ ရွှေ ကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ နေပြည်တော်မှုခင်း တပ်ဖွဲ့၊ မှုခင်းကြီးကြပ်ရေးဌာနခွဲ တရားစွဲဌာနမှ ဌာနစုမှူး ရဲမှူး သန်းမြင့်အောင်တို့ကို စစ်ဆေးခဲ့ ပြီး ၎င်းတို့က နေပြည်တော်တွင် အောင်ဝင်းခိုင်ကို   မတွေ့ရှိ ကြောင်း ထွက်ဆိုသည်။ ရှာဖွေသက်သေ ဦးမြင့်နိုင်က အောင်ဝင်းခိုင်သည် ဖေဖော်ဝါရီ ပထမပတ်အတွင်းက ဇေယျာဖြိုး၏ ကုမ္ပဏီနှင့်နေအိမ်တို့တွင် ခေတ္တနေခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ 

ဇေယျာဖြိုးကို ဖေဖော်ဝါရီ ၄ ရက် (ဦးကိုနီလုပ်ကြံခံရပြီး ခုနစ်ရက်အကြာ)က ရန်ကုန်တွင် ဖမ်း ဆီးခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးမြင့် နိုင်၏ ထွက်ဆိုချက်အရ အောင် ဝင်းခိုင်သည် ဦးကိုနီလုပ်ကြံခံရပြီး (၁၀ ရက်ခန့်အကြာတွင်) နေပြည်တော်ရှိ ဇေယျာဖြိုး၏ ကုမ္ပဏီနှင့် နေအိမ်တွင် ရှိနေသည်။ နိုင်ငံ တော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၅ရက်တွင် အောင်ဝင်းခိုင်သည် ဦးကိုနီကို လုပ်ကြံရန် ငွေပေးခိုင်းစေသူဟု ထုတ်ပြန်ခဲ့ပြီး ထိုအချိန်ကစ၍ အောင်ဝင်းခိုင်နှင့် ပတ်သက်၍ ထပ်မံထုတ်ပြန်ခြင်းမရှိတော့ပေ။

‘‘အခုချိန်မှာ ရှာတာကတော့ မတွေ့ဘူးဆိုတာပဲ ကြားရမှာသိ ပြီးသားပါ။ ဒါပေမဲ့ တရားရုံးက တရားခံပြေးရှာရမယ့်တာဝန်ရှိသ လို ရဲလုပ်ငန်းအရလည်းရှာသင့်ပါ တယ်။ တရားရုံးအနေနဲ့ တရားခံ ဖမ်းဆီးရေးနဲ့ပတ်သက်ပြီး ပြည့် ပြည့်စုံစုံလုပ်နေတယ်လို့တော့ ပြောထားပါတယ်’’ဟု တရားလို ရှေ့နေ ဦးနေလက ပြောသည်။ 

ထို့နောက် တရားသူကြီးက အောင်ဝင်းခိုင်ရှာဖွေမှုတွင် ပါဝင် သည့် သက်သေများကို ဇွန်လ ၁၆ ရက် ရုံးချိန်း၌ ပြန်လည်စစ်ဆေး မည်ဟု ချိန်းဆိုခဲ့သည်။