၂၂ ခုမြောက် သဘာဝအခြေခံခရီးစဉ်ဒေသ ပဲခူးရိုးမတွင် ဖွင့်လှစ်မည်

ပဲခူးရိုးမရှိ ၀င်္ဂဘော်ဆင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ပဲခူးရိုးမရှိ သဘာဝရှုခင်း များနှင့် ဆင်စခန်းမှ ဆင်များ၏ နေထိုင်ပုံများကို လေ့လာနိုင်ရန် Bago Yoma Eco-Resort အမည်ဖြင့် သဘာဝအခြေခံ (Eco Tour-ism) ခရီးစဉ်ကို ဇူလိုင်လကုန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

‘‘ပဲခူးရိုးမထဲမှာ သစ်ထုတ် လုပ်ငန်းတွေ ရပ်လိုက်တဲ့အခါမှာ ဆင်တွေက ဘာအလုပ်မှမရှိ တော့ဘူး။ အဲဒါကြောင့် ဆင်တွေ နဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူပြု ဆောင်ရွက်နိုင်အောင် စီစဉ်လိုက်တာပါ။ ပဲခူးရိုးမထဲမှာ သဘာဝသစ်တောအဖြစ် ကျန်ရှိ နေတဲ့ အပိုင်းတွေ၊ ပုဂ္ဂလိကကျွန်း စိုက်ခင်းတွေကို လေ့လာလို့ရ အောင် ဆောင်ရွက်ထားတာတွေ ရှိပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးဦးမြင့်ထွေးက ပြောသည်။

 ပဲခူးရိုးမအတွင်း ဖွင့်လှစ် မည့် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက နှစ် ၃၀ ကျွန်းစိုက် ပျိုးလုပ်ကိုင်ခွင့်ရရှိထားသည့် EcoNatural Resort Golden Teak Park ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ် ပြီး Eco-Resort အတွက် ဟိုတယ် တည်ဆောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုပေးခြင်းဖြစ်သည်။

‘‘ပဲခူးရိုးမထဲက သဘာဝအ ခြေခံခရီးသွားလုပ်ငန်းမှာ စက်ဘီးစီးတဲ့လုပ်ငန်းတွေ၊ ငှက်ကြည့်တဲ့ လုပ်ငန်းတွေ၊ ဆင်စီးပြီးလျှောက် ကြည့်တာမျိုးတွေ ပြုလုပ်ပြီးတော့ ခရီးသွား လုပ်ငန်းတစ်ခုအနေနဲ့ ခရီးသွား ဧည့်သည်တွေလာပြီး အပန်းဖြေနိုင်အောင် ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်’’ဟု ဦးမြင့်ထွေးက ပြောသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ မွန်နှင့် ချင်းပြည်နယ်စသည့်ပြည်နယ်နှင့် တိုင်း ၁၁ ခု၌ သဘာဝအခြေခံ ခရီးစဉ်ဒေသ ၂၁ ခုကို အကောင်အထည်ဖော်ထားသည်။

Top News