လန်ဒန် မြို့လယ် အဆောက်အအုံတစ်ခုကို နှစ်ထပ်ဘတ်စ်ကား ဝင်တိုက်

Fri, 2017-08-11 13:46 -- zaythu
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ အဆောက်အအုံ တစ်ခုထဲ နှစ်ထပ် ဘတ်စ်ကားကြီး ဝင်တိုက်မိပြီး လူတချို့ ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
ဩဂုတ် ၁၀ ရက်က လန်ဒန်တောင်ပိုင်းမှာ နှစ်ထပ် ဘတ်စ်ကားကြီးတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ခဲ့ကြောင်း လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ အဆောက်အအုံထဲ ဘတ်စ်ကားကြီး ဝင်တိုးမိပြီး လူနှစ်ယောက် ပိတ်မိနေတဲ့အတွက် ကယ်ဆယ်ရေးတွေက ကူညီ ကယ်ထုတ်ခဲ့ရပါတယ်။
 
ဘတ်စ်ကား ယာဉ်မောင်းကိုတော့ လန်ဒန်တောင်ပိုင်း ဆေးရုံဆီ တင်ပို့ခဲ့ရကြောင်း၊ ဘတ်စ်ကားပေါ်က ခရီးသည် တချို့ကိုတော့ အခင်းဖြစ်ရာ နေရာမှာပဲ သူနာပြုတွေက ပြုစု ကုသပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ဘတ်စ်ကားရဲ့ အပေါ်ထပ်မှာ ရှိနေတဲ့ ခရီးသည် နှစ်ယောက်ကတော့ ပြန်ဆင်းလို့ မရဘဲ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
 
ယာဉ်မတော်တဆမှု အပြီးမှာ ပတ်ဝန်းကျင် လမ်းတွေကို ယာယီ ပိတ်ခဲ့ရပါတယ်။ နှစ်ထပ် ဘတ်စ်ကား ဝင်တိုက်ခံရတဲ့ အဆောက်အအုံ ရှေ့ပိုင်းကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားတာကို တွေ့ရပါတယ်။ အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းနေဆဲလို့လည်း သတင်းတွေက ဖော်ပြသွားပါတယ်။
Friday, August 11, 2017

Top News