တရုတ် အဝေးပြေးလမ်းမှာ ဘတ်စ်ကားတိုက်မှုကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံး

Sat, 2017-08-12 11:29 -- zaythu

တရုတ်နိုင်ငံက အဝေးပြေးလမ်း တစ်ခုမှာ Express ဘတ်စ်ကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၃၆ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှန်ကျိဒေသက ရှီအန်း-ဟန်ဇူး အဝေးပြေးလမ်း ဥမင်တစ်ခုရဲ့ နံရံကို ဘတ်စ်ကားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၀ ရက် မတိုင်ခင် သန်းခေါင်ယံ အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားရဲ့ ခေါင်းပိုင်းက ဆိုးဆိုးရွားရွား ပျက်စီး ကြေမွသွားခဲ့ပါတယ်။
 
CCTV သတင်းဌာနက ယာဉ်တိုက်မှုကြောင့် လူ ၃၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၃ ဦးကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ထားရကြောင်း ပြောပါတယ်။
 
ဘတ်စ်ကားဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ချန်ဒူမြို့ကနေ နိုင်ငံအလယ်ပိုင်း ဟီနန်ဒေသကို ဦးတည် မောင်းနှင်နေရင်း မတော်တဆမှု ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

Saturday, August 12, 2017