ရခိုင်ပြည်နယ်က အကြမ်းဖက်သူတွေကို ဘင်္ဂလီအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေးဖို့ တင်ပြ

Wed, 2017-08-16 17:26 -- zaythu

ရခိုင်ပြည်နယ်က အကြမ်းဖက်သူတွေကို ဘင်္ဂလီအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေးရန်  လွှတ်တော်က တွန်းအားပေးဖို့ လိုနေတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးလိုက်ပါတယ်။

အဲဒီ အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်သမားအုပ်စုအဖြစ် ကြေငြာပေးဖို့ လိုအပ်နေတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက ဒီကနေ့ သြဂုတ်လ ၁၆ ရက် မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးလိုက်တာပါ။ ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မောင်တော ၊ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့  အကြမ်းဖက်အဖွဲ့ဝင်တွေကို   ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးဖို့ အစိုးရ ကိုတိုက်တွန်းတဲ့ အဆိုကိုဆွေးနွေးခဲ့ကြတာပါ။
 
အဲဒီလို ဆွေးနွေးတဲ့နေရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေကလည်း ဝင်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီလို ကြေငြာပေးမှသာ ဘင်္ဂလီအကြမ်းဖက်သမားများထံ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက ရပ်တန့်သွားမှာဖြစ်တယ်လို့ ဆိုတယ်။ ကြေငြာပြီးရပ်တန့်သွားခြင်းမရှိပါက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြတိုင်ကြားဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ 
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း  အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ လိုတယ်လို့  လွှတ်တော်ကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီကနေ့မှာ  လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက အဆိုကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌက ကြေငြာထားပါတယ်။
 
ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Wednesday, August 16, 2017

Top News