H1N1 တွေ့တဲ့လူနာ ဒီနေ့ နေ့လည်အထိ ၂၆၂ ဦးထိရှိပြီး သေဆုံးသူ ၂၆ ဦးရှိ

Wed, 2017-08-16 18:41 -- zaythu

ဒီနေ့ သြဂုတ်လ ၁၆ရက် နေ့လယ်(၂)နာရီအထိ ရာသီတုပ်ကွေး (H1N1)ရောဂါပိုး တွေ့ရှိတဲ့လူနာ (၂၆၂)ဦးရှိပြီး သေဆုံးသူ အရေအတွက် ကတော့ (၂၆)ဦးရှိပြီလို့ သတင်းရရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အတည်ပြုပြောကြားခဲ့တာပါ။

ဒီကနေ့ H1N1 သံသယလူနာ(၃၉)ဦးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှာ H1N1ပိုးတွေ့လူနာ(၂၀)ဦးရှိပြီး ထပ်မံသေဆုံးသူ တစ်ဦးရှိတယ်လို့ သိရပါတယ်။ သေဆုံးသူလူနာဟာ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ကနေ  ရန်ကုန်ကလေးဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူတဲ့ လူနာဖြစ်ပါတယ်။

မနေ့ကအထိ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ  H1N1ရောဂါပိုးတွေ့ရှိတဲ့ အတွင်းလူနာ (၆)ဦးနဲ့ အခြားပြည်နယ် နဲ့ တိုင်းဒေသကြီး ကဆေးရုံကြီးတွေမှာ  H1N1ရောဂါပိုးတွေ့ရှိတဲ့ အတွင်းလူနာ(၅၁)ဦး စုစုပေါင်း H1N1ပိုး တွေ့ လူနာ (၅၇)ဦး ဆေးဝါးကုသမှု ခံယူနေပြီး အများစုမှာသက်သာလျှက်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
ဇူလိုင်လ(၂၁)ရက်ကနေ သြဂုတ်လ(၁၅)ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါပိုး တွေ့ရှိတဲ့လူနာကတော့ (၂၄၂)ဦးရှိပြီး သေဆုံးသူအရေအတွက်ကတော့ (၂၅)ဦးရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက သိရပါတယ်။
 
ဒါ့အပြင် ရာသီတုပ်ကွေး (H1N1)ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်တဲ့ တိုင်းဒေသကြီး(၃)ခုကို ရွေးချယ်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းနဲ့ ကုသရေး လုပ်ငန်းတွေကို စီမံချက်ရေးဆွဲပြီး ဦးစားပေးလုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။ ရွေးချယ်ထားတဲ့ တိုင်းဒေသကြီးတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကာ ဦးစားပေး လုပ်ဆောင်မယ့်မြို့နယ်တွေကတော့ အင်းစိန်မြို့နယ်၊လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ဒလ ၊ပုသိမ်၊ဖျာပုံနဲ့ ပဲခူးမြို့နယ်တို့ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Wednesday, August 16, 2017