7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Wed, 2017-08-16 19:17 -- zaythu

 (၁) ရခိုင်ပြည်နယ်က အကြမ်းဖက်သူတွေကို ဘင်္ဂလီအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေးဖို့ တင်ပြ

ရခိုင်ပြည်နယ်က အကြမ်းဖက်သူတွေကို ဘင်္ဂလီအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေးရန် လွှတ်တော်က တွန်းအားပေးဖို့ လိုနေတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးလိုက်ပါတယ်။

အဲဒီ အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်သမားအုပ်စုအဖြစ် ကြေငြာပေးဖို့ လိုအပ်နေတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက ဒီကနေ့ သြဂုတ်လ ၁၆ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးလိုက်တာပါ။

ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဆွေးနွေးခဲ့ကြတာပါ။

အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေကလည်း ဝင်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်သူတွေကို ဘင်္ဂလီအကြမ်းဖက် အဖွဲ့လို့ သတ်မှတ်ပေးဖို့နဲ့ ကူညီပေးနေတွေသူကိုပါ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ ပ နဲ့ ဖ တို့အရ အကြမ်းဖက်သမား အကြမ်းဖက်အုပ်စုလို့ သတ်မှတ်ဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ်ကြေငြာရန် လိုအပ်တယ်လို့ ဗိုလ်မှူးကြီးစိုးရွှေက ပြောကြားခဲ့တာပါ။

ဒီလိုကြေငြာဖို့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်တို့က တွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီလို ကြေငြာမှသာ ဘင်္ဂလီအကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက ရပ်တန့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့မှုတွေ မရပ်သွားရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြတိုင်ကြားဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း အကြမ်းဖက်မှု တွေကို နှိမ်နင်းဖို့လိုတယ်လို့ လွှတ်တော်ကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီကနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက အဆိုကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌက ကြေငြာထားပါတယ်။

(၂) H1N1 တွေ့တဲ့လူနာ ဒီနေ့ နေ့လည်အထိ ၂၆၂ ဦးထိရှိပြီး သေဆုံးသူ ၂၆ ဦးရှိ

ဒီနေ့ သြဂုတ်လ ၁၆ရက် နေ့လယ်(၂) နာရီအထိ ရာသီတုပ်ကွေး (H1N1)ရောဂါပိုး တွေ့ရှိတဲ့လူနာ (၂၆၂)ဦးရှိပြီး သေဆုံးသူ အရေအတွက်ကတော့ (၂၆)ဦးရှိပြီလို့ သတင်းရရှိပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အတည်ပြုပြောကြားခဲ့တာပါ။ ဒီကနေ့ H1N1 သံသယလူနာ (၃၉)ဦးကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာမှာ H1N1ပိုးတွေ့ လူနာ(၂၀)ဦးရှိပြီး ထပ်မံသေဆုံးသူ တစ်ဦး ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူလူနာဟာ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ကလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူတဲ့ လူနာဖြစ်ပါတယ်။ မနေ့ကအထိ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ H1N1 ရောဂါပိုးတွေ့ရှိတဲ့ အတွင်းလူနာ (၆)ဦးနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက ဆေးရုံကြီးတွေမှာ H1N1ရောဂါပိုးတွေ့ရှိတဲ့ အတွင်းလူနာ(၅၁)ဦး စုစုပေါင်း H1N1ပိုးတွေ့ လူနာ (၅၇)ဦး ဆေးဝါးကုသမှုခံယူနေပြီး အများစုမှာ သက်သာလျှက်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ(၂၁)ရက်ကနေ သြဂုတ်လ(၁၅)ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါပိုး တွေ့ရှိတဲ့လူနာကတော့ (၂၄၂)ဦးရှိပြီး သေဆုံးသူ အရေအတွက်ကတော့ (၂၅)ဦးရှိပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေး (H1N1)ရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်တဲ့ တိုင်းဒေသကြီး(၃)ခုကို ရွေးချယ်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းနဲ့ ကုသရေးလုပ်ငန်းတွေကို စီမံချက်ရေးဆွဲပြီး ဦးစားပေးလုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။

ရွေးချယ်ထားတဲ့ တိုင်းဒေသကြီးတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီးတို့ဖြစ်ကာ ဦးစားပေး လုပ်ဆောင်မယ့်မြို့နယ်တွေကတော့ အင်းစိန်မြို့နယ်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒလ ၊ပုသိမ်၊ဖျာပုံနဲ့ ပဲခူးမြို့နယ်တို့ ဖြစ်ပါတယ်။

(၃) ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ပထမနှစ်သင်တန်းမှာ အထူးပြုဘာသာ သုံးခုထပ်တိုး

လာမယ့် ဒီဇင်ဘာလမှာ ဖွင့်လှစ်မယ့် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ပထမနှစ်သင်တန်းတွေမှာ အထူးပြု ဘာသာရပ် အသစ်သုံးခုကို ထပ်တိုးလိုက်ပြီလို့ သတင်းရရှိပါတယ်။

အသစ်တိုးတဲ့ ဘာသာရပ်တွေက ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒနဲ့ Environmental Studies ဘာသာရပ် တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇီဝဓာတုဗေဒ အတွက် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဓာတုဗေဒရမှတ် ၉၀၊ အဏုဇီဝဗေဒ ဘာသာရပ် အတွက် ဇီဝဗေဒရမှတ် ၉၀နဲ့ Environmental Studies ဘာသာရပ် အတွက် အင်္ဂလိပ်စာ ရမှတ် ၇၅ မှတ် ရရှိရမှာ ဖြစ်ပြီး စုစုပေါင်း ရမှတ်ကတော့ အမှတ်ပေါင်း ၄၀၀ အထက်ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်ခွင့်ရသူ နှစ်ထောင် ၀န်းကျင်ထဲမှာ အထူးပြု ဘာသာရပ် တစ်ခုစီတိုင်းမှာ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက ဝိဇ္ဇာထူးချွန်ဆုနဲ့ သိပ္ပံထူးချွန်ဆုတွေအဖြစ် တစ်လကို ငွေကျပ်တစ်သိန်းနှုန်းနဲ့ ဘွဲ့ရတဲ့အထိ ချီးမြှင့်ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝိဇ္ဇာထူးချွန်ဆုနဲ့ သိပ္ပံထူးချွန်ဆုတွေကို ၂၀၁၄ခုနှစ်က စပေးခဲ့တာဖြစ်ပြီး ကျောင်းသား ကျောင်းသူ လေးရာကျော်ကို ချီးမြှင့်ခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များ ကြီးကြပ်ရေးဌာန လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကြိုလေးနှစ်သင်တန်းတွေကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူပေါင်း သုံးထောင်ကျော် တက်ရောက်နေတယ်လို့ သိရပါတယ်။

(၄) မေယုတောင်တန်းတစ်ဝိုက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေ

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေကို သွယ်တန်းထားတဲ့ မေယုတောင်တန်းကို နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အတွက် ဒေသခံပြည်သူတွေ အနေနဲ့ မေယုတောင်တန်းကို မသွားကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၀ ရက်ကစပြီး မေယုတောင်ထဲမှာ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းသီးဟင်းရွက် ရှာဖွေစားသောက်တာ မလုပ်ဖို့ အကြောင်းကြားထားတယ်လို့ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲလို ညွှန်ကြားထားပေမယ့် မေယုတောင်တန်းအနီးမှာနေတဲ့ ဒေသခံအများစုက မသိကြသေးဘူးလို့ ကံသာယာ အထက်ကျေးရွာမှ ရွာခံတစ်ချို့က ပြောပါတယ်။

မောင်တောမြို့နယ် မေယုတောင်အနီးမှာ တည်ရှိတဲ့ တိုင်းရင်းသားကျေးရွာတွေက ဒေသခံ အများစုဟာ မေယုတောင်မှာ တောင်ယာစိုက်ပျိုးခြင်းနဲ့ အသက်မွေးနေသူများ ဖြစ်ကြပါတယ်။

(၅) ဗြိတိန်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောအသစ်ကြီး ပို့စ်မောက်သ် ဆိပ်ကမ်းကို ဆိုက်ရောက်

ဗြိတိသျှ တော်ဝင်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော အသစ်ကြီး Queen Elizabethဟာ ပို့စ်မောက်သ် ဆိပ်ကမ်းကို ဩဂုတ် ၁၆ ရက်မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

ဗြိတိန်ရေတပ် သမိုင်းမှာ အရွယ်အစား အကြီးဆုံးနဲ့ ခေတ်အမီဆုံး စစ်ရေယာဉ်အဖြစ် သတ်မှတ်ခံရတဲ့ လေယာဉ်တင် သင်္ဘောကြီးကို ပို့စ်မောက်သ်မြို့ခံ အများအပြားက လာရောက်စုရုံး စောင့်ကြည့်ခဲ့ကြပါတယ်။

Queen Elizabeth သင်္ဘောကြီးဟာ အလျား ပေ ၉၂၀ ရှည်လျားပြီး တန်ချိန် ၇၇၈၀၀ အလေးချိန် ရှိပါတယ်။ စစ်ဆင်ရေး ဖြန့်ကျက်မှုတွေမှာ ထိထိရောက်ရောက် ပါဝင်နိုင်ဖို့ တည်ဆောက်ထားတဲ့ သင်္ဘောကြီးဟာ တစ်နေ့ကို မိုင် ၅၀၀ ခရီးပေါက်အောင် ခုတ်မောင်းနိုင်တယ်လို့လည်း ဆိုတယ်။

ရေတပ်ဟာ Queen Elizabethနဲ့ အရွယ်အစား တူညီတဲ့ Prince of Wales လေယာဉ်တင် သင်္ဘောကြီးကိုလည်း တည်ဆောက်နေပါတယ်။ ဒီသင်္ဘောကြီးတွေအတွက် တည်ဆောက်မှု ကုန်ကျစရိတ်ဟာ စတာလင်ပေါင် ခြောက်ဘီလီယံလောက် ကျသင့်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

လောလောဆယ်တော့ Queen Elizabethပေါ်မှာ လေယာဉ်တွေ တပ်ဖြန့်နေရာယူထားမှု မရှိသေးဘဲ လက်တွေ့ စမ်းသပ် ပျံသန်းမှုတွေကို လာမယ့်နှစ်မှာ အစပြု လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။  

Wednesday, August 16, 2017