အခုနှစ် စက်တင်ဘာလ ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင် ကျော်ရှိ

Wed, 2017-09-13 18:51 -- zaythu

ဒီနှစ်ရဲ့ ဇန်န၀ါရီ  ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်အထိ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ငါးထောင်ကျာ်ရှိပြီး အဲ့ဒီရောဂါကြောင့် သေဆုံးသူဦးရေဟာလေးဆယ် ၀န်းကျင်ထိရှိလာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိပါတယ်။ ၂၀၁၆ခုနှစ် တစ်နှစ်လုံးမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၂,၁၈၅ ) ဦးရှိပြီး သေဆုံးသူကတော့  ၁၉ ဦးရှိခဲ့တာပါ။

ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ မနှစ်ကထက် နှစ်ဆမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းမြင့်တဲ့ လတွေကတော့ ဇွန်၊ဇူလိုင်နဲ့ သြဂုတ်လတွေဖြစ်ကာ စက်တင်ဘာလမှာ ဖြစ်ပွားမှုနှုန်းတွေကျဆင်းအောင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့  ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးမြို့နယ်က လှိုင်သာယာမြို့နယ်ဖြစ်ပြီး လူဦးရေထူထပ်တဲ့ မြို့နယ်တွေဖြစ်တဲ့ ရွှေပြည်သာ၊ အင်းစိန်၊တောင်ဒဂုံ၊မြောက်ဒဂုံ၊ဒဂုံ(အရှေ့ပိုင်း)စတဲ့ မြို့နယ်တွေမှာလည်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေ များပြားနေတယ်လို့ သိရပါတယ်။

ဒီနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူတွေထဲမှာ အသက်(၆)လအရွယ် ကလေးပိုင်းတွေသာမက  အသက်(၈၀)ကျော် သက်ကြီးပိုင်း အရွယ်တွေပါ ရောဂါဖြစ်လာတာတွေ့ရတယ်လို့ ဒေါက်တာအေးမွန်မွန်ကျော်ကပြောပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဇန်နဝါရီလကနေ ဇူလိုင် ၂၂ ရက် အထိသွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၄,၀၀၀ရှိပြီး  သေဆုံးသူကတော့  ၈၁ ဦးရှိတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ခြင်ကျားကိုက်ခံရာကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး လက္ခဏာတွေဖြစ်တဲ့ အပြင်းဖျားတာ၊ပျို့အန်တာ၊ခန္ဒာကိုယ်မှအနီစက်တွေထွက်တာနဲ့ သွေးလန့်တဲ့ လက္ခဏာတွေ တွေ့ရှိပါက ဆေးရုံကို အမြန်ဆုံးပို့ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 

Wednesday, September 13, 2017

Top News