ဆွံ့အနေပေမယ့် ကျွန်တော် လက်ရွေးစင်ဘောလုံးသမားတစ်ယောက်ပါ

Thu, 2017-09-14 09:48 -- zaythu
အသက် ၁၆ နှစ်အရွယ် အရွယ်ကောင်းရောက်မှ သူ ဆွံ့အသွားခဲ့ရတာပါ။ နေမကောင်းတာကနေ အပေါ်ပိုင်း အကြောတွေ လေဖြန်းသလို ဖြစ်သွားပြီး စကားမပြောနိုင်တော့တာဖြစ်ပါတယ်။
 
ငယ်ငယ်ထဲက အားကစားထူးချွန်တဲ့ ကိုသက်နိုင်ဟာ အခုတော့ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်ရဲ့ လက်ရွေးစင် ဘောလုံး အသင်းမှာ အသင်းခေါင်းဆောင်တစ်ယောက် အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးစားနေပါတယ်။
 
အရွယ်ကောင်းလေးမှာ ဖြစ်သွားခဲ့ရတဲ့ ကိုသက်နိုင်ရဲ့ အခြေအနေကို မိသားစုက ကြေကွဲဝမ်နည်းခဲ့ရပါတယ်။ ဒါပေမယ့် ကိုသက်နိုင်က ဘ၀ကို အရှုံးမပေးခဲ့ပါဘူး။ ၂၀၀၂ ခုနှစ် မြန်မာတစ်နိုင်ငံလုံး မသန်စွမ်း အာကစားပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရင်း ဆုတံဆိပ်တွေရခဲ့တဲ့အထိ သူကြိုးစားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘောဒီးယားနိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရင်း မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။
 
ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ဆွတ်ခူးပေးနိုင်သလို၊ ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် မသန်စွမ်းဆီးဂိမ်းပြိုင်ပွဲမှာ ဘောလုံးအသင်းဟာ ငွေတံဆိပ်ဆုရယူပေးခဲ့နိုင်တာပါ။
 
သူ့ ဝေဒနာကြောင့် ထမင်းစားတဲ့အခါ ရေသောက်တဲ့အခါမှာ လဲလျောင်းပြီးပဲ စားရ၊ သောက်ရပါတယ်။ အပေါ်ပိုင်း ရင်ဘက်ထိ အကြောတွေ လေဖြန်းသွားခဲ့တာကြောင့် လက်ချောင်းတွေအားလုံး အသုံးပြုလို့ မရပေမယ့် လက်ညိုးနဲ့ပဲ အဆင်ပြေအောင် စာရေးတာနဲ့ ဖုန်းအသုံးပြုတာတွေကို လုပ်ဆောင်တာပါ။
 
ဘောလုံးအားကစားဆိုတာ တစ်နိုင်ငံလုံးက အားပေးကြပေမယ့် မသန်စွမ်းအားကစားသမားတွေ ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေကိုတော့ ပရိသတ်တွေက စိတ်ဝင်စားမှုနည်းပါတယ်။ ဒါကြောင့် ကိုသက်နိုင်တို့လို မသန်စွမ်း အားကစား သမားတွေက ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိဖို့ မျှော်လင့်နေတာပါ။ ငယ်ငယ်ကတည်းက ဘောလုံးကစားရရင် ပျော်နေတက်တဲ့ ကိုသက်နိုင် တစ်ယောက် အခုတော့ မသန်စွမ်း မြန်မာ့လက်ရွေးဝင် အားကစားသမား တစ်ယောက် အဖြစ်နဲ့တော့ ရှိနေပါသေးတယ်။
 
မနက်ဆိုရင်တော့ သူတို့ မသန်စွမ်း လက်ရွေးစင်အသင်းဟာ မလေးရှားနိုင်ငံမှ ကျင်းပမယ့် ၉ ကြိမ်မြောက် မသန်စွမ်း ဆီးဂိမ်းပြိုင်ပွဲမှာ သွာရောက်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။
 
အခုအချိန်မှာတော့ သူ တက်နိုင်သလောက် ကြိုးစားပြီး နိုင်ငံဂုဏ်ဆောင်နိုင်ပေမယ့် အသက်ကြီးလာတဲ့အခါ သူဘာလုပ်ရမယ်ဆိုတော့ မသိသေးပါဘူး။ ဒါပေမယ့် ကိုသက်နိုင်ကတော့ ဘောလုံးကန်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားရင်း နောင်တစ်ချိန်မှာလည်း အားကစားသမား တစ်ယောက် အဖြစ်နဲ့ပဲ ရှိနေချင်သူလည်း ဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - ယဉ်မွန်
Thursday, September 14, 2017

Top News