7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Fri, 2017-09-22 19:09 -- zaythu
(၁) ရခိုင်အရေးအတွက် ဂျပန်က ကန်ဒေါ်လာတစ်သန်းကူညီမယ်
 
ရခိုင်အရေး အတွက် အရေးပေါ် အကူအညီအဖြစ် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမယ်လို့ သတင်းရရှိပါတယ်။ အခက်အခဲဖြစ်နေချိန်မှာ မိတ်ဆွေနိုင်ငံအဖြစ် ဂျပန် နိုင်ငံက မြန်မာနိုင်ငံနဲ့ အတူ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ မနေ့က စက်တင်ဘာ ၂၁ ရက်က့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာပါ။
 
တစ်ဖက်နိုင်ငံကို ရောက်သွားသူတွေကို ပြန်လည်နေရာချထားရေး လုပ်ငန်းတွေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ကူညီပေးနိုင်ဖို့ ဦးစားပေး လုပ်ငန်းစဉ်တွေနဲ့ လိုအပ်တဲ့ အကူအညီတွေကို သိလိုတယ်လို့ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။
 
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးက အရေးကြီးတဲ့အတွက် နယ်စပ်ခြံစည်းရိုး ကာရံရေးတွေ လုပ်နေပြီး လူမှုစီးပွားဖွံ့ဖြိုးစေဖို့ စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ရှင်းလင်းပြောကြားခဲ့ပြီး အခုလို အကျပ်အတည်း ဖြစ်နေချိန်မှာ ရပ်တည်ပေးတဲ့ ဂျပန်နိုင်ငံ အစိုးရကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံအချို့ရဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ငွေကြေးအကူအညီတွေ ပေးအပ်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
မိန့်ခွန်းပြောတဲ့နေ့မှာပဲ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ထူထောင်ရေးအတွက် တရုတ်နိုင်ငံက ကျပ်သန်းနှစ်ရာ လှူဒါန်းခဲ့ပြီး တရုတ် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန် ဆောင်ရွက်မှုများကို နားလည် ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးဝမ်ရိက ပြောကြားခဲ့ပါတယ်။
 
(၂) တစ်နိုင်ငံလုံးမှာ ပဲစားပွဲတော်တွေလုပ်မယ်
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ တစ်နိုင်ငံလုံးမှာ ပဲစားပွဲတော်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
 
ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်မှာ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ ပြည်တွင်းပဲစားသုံးမှု တိုးတက်လာစေရေး ညှိုနှိုင်း အစည်းအဝေးအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးသန်းမြင့်က ပွဲတော်နဲ့ပတ်သက်လို့ ပြောတာဖြစ်ပါတယ်။
 
ဒီကနေ့နေပြည်တော်မှာ လုပ်တဲ့ပွဲက ဖွင့်ပွဲဖြစ်ပြီး နောက်ဆို တိုင်းနဲ့ပြည်နယ်တွေမှာပါ တတ်နိုင်သလောက် လုပ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်း ကန့်သက်လိုက်တာကြောင့် ပြည်တွင်းမှာ ပိုလျံလာမယ့်ပဲတွေကို ပြည်သူလူထု ပိုမိုစားသုံးလာဖို့ အတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်။
 
ပိုလျံလာမယ့်ပဲမျိုးစုံကို နိပေါနိုင်ငံ ရေးဘေးမှာလည်း ဆန်အစား လှူဒါန်းသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လာမယ့် ပဲမျိုးစုံ စိုက်ပျိုးချိန်မှာ ပဲအစား အခြားဆီထွက်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
 
မကြာခင်မှာ ထွက်ရှိလာမယ့် ပဲစင်းငုံကိုတော့ တောင်သူတွေအတွက် ဈေးကွက်မရှိပါက အစိုးရအဖွဲ့နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး စိုက်ပျိုးစရိတ်မရှုံးတဲ့ ဈေးနှုန်းတစ်ခု သက်မှက်ကာ ၀ယ်ယူသွားမယ်လို့ သိရပါတယ်။
 
(၃) ပြည်ခိုင်ဖြိုးအမတ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ရာမှာ ဒီချုပ်အရေးနိမ့်
 
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တစ်ဦးကို ဒီချုပ်ပါတီက ကန့်ကွက်ခဲ့ရာပေမယ့် ကန့်ကွက်မှု အရေးနိမ့်ခဲ့ပါတယ်။
 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက အမိန့်ချရာမှာ လက်ရှိအနိုင်ရကိုယ်စားလှယ်ကသာ ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ဖို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက် မှာ အမိန့်ချခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲခုံရုံးရဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပြောပါတယ်။
 
ကျိုင်းတုံမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ အနိုင်ရ ကိုယ်စားလှယ် ဦးရှာမွေလရှဲန်ကို ဒီချုပ်ပါတီ ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ကန့်ကွက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
 
ပြည်ခိုင်ဖြိုးအမတ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေမှာပါတဲ့ တရားမဲ့ပြုကျင့်မယ့် အချက်အချို့ကို ထောက်ပြ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးကတော့ တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲတာတွေက တရားမဲ့ပြုကျင့်ရာ မရောက်ဘူးလို့ ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
 
အခုလို ဆုံးဖြတ်တဲ့အမိန့်အပေါ် မကျေနပ်ပါက နည်းဥပဒေ၉၉အရ တန်ပြန်ပြင်ဆင်မှုကို ၁၅ရက်အတွင်း တင်ပြနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာအမှုပေါင်း ၆ မှု ရှိပြီး ပြည်ခိုင်ဖြိုးပါတီက ဒီချုပ်ကို တိုင်ကြားထားတဲ့ အမှု၅ခုနဲ့ ဒီချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားထားတဲ့ အမှုတစ်ခုတို့ဖြစ်ပါတယ်။
 
အဲဒီ့တိုင်ကြားမှုတွေထဲက လက်ရှိအထိ အမှု ၅ခုကို အမိန့်ချထားပြီး အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ်သာ ဆက်လက်ရပ်တည်ခွင့် ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။
 
နောက်ဆုံး ကျန်ရှိတဲ့ ကန့်ကွက်လွှာအမှု အမှတ်၆ကိုတော့ လာမယ့် ၂၈ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။
 
(၄) ကလေးမှာရေ ပြန်ကျနေပေမယ့် ကယ်ဆယ်ရေးစခန်းတွေကနေ အိမ်မပြန်နိုင်ကြသေး
 
နှစ်ရက်ဆက်တိုက် ရေကြီးနစ်မြုပ်မှု ဖြစ်ပြီးတဲ့နောက် ကလေးမြို့ပေါ်ရပ်ကွက် အချို့နဲ့ ဒေသတွင်း ကားလမ်းတွေမှာပါ ရေသိသိသာသာ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကိုင်းတိုင်းဒေသကြီး ကလေးနဲ့ ကလေးဝမြို့တွေမှာ ရေဘေးရင်ဆိုင်နေရပြီးတော့ လူဦးရေတစ်သောင်းနီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။
 
စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ ချင်းတွင်းမြစ်ရေ တိုးလာနေတာကြောင့် ကယ်ဆယ်ရေး စခန်း ၁၇ ခု ဖွင့်ပြီး စခန်းတွေဆီ ပြောင်းရွှေ့ပေးတော ဖြစ်ပါတယ်။ အခုဒီကနေ့ ရေသိသိသာသာ ကျသွားပြီ ဆိုပေမယ့် လူဦးရေ ကိုးထောင်ကျော်ကတော့ စခန်းတွေမှာပဲ နေနေရဆဲဖြစ်ပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပြီး ရေဘေးသင့် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
 
(၅) တူရကီမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး မီးလောင်မှုဖြစ်ပွား
 
တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ အသေအပျောက် မရှိခဲ့ဘူးလို့ သိရပါတယ်။
 
စင်းလုံးငှား ကိုယ်ပိုင်လေယာဉ်ငယ်ဟာ စက်တင်ဘာ ၂၁ ရက်က အေတာတက် နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်သွားပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ကို မီးကူးစက် လောင်ကျွမ်းခဲ့ပေမယ့် လေယာဉ်မှူးတစ်ဦး၊ အမှုထမ်းတစ်ဦးနဲ့ ခရီးသည်တစ်ဦးတို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေယာဉ်ထဲက လွတ်မြောက်လာခဲ့ကြပါတယ်။
 
ကယ်ဆယ်ရေးတွေ ရောက်ရှိသွားပြီး လေယာဉ်ပေါ် ပါလာသူ လေးဦးကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပေမယ့် စစ်ဆေးစမ်းသပ်မှုတွေ အပြီးမှာ ဆေးရုံက ပြန်ဆင်းခွင့် ပေးခဲ့ပါတယ်။ လေယာဉ်မှာ စွဲလောင်နေတဲ့မီးကို အီစတန်ဘူလ် မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့ရပြီး လေဆိပ်ကိုလည်း ယာယီ ပိတ်ခဲ့ရပါတယ်။
 
လေယာဉ်မှာ စက်ချွတ်ယွင်းမှုတစ်ခု ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိပြီးတဲ့နောက် လေယာဉ်မှူးက နောက်ကြောင်းပြန်လှည့် ဆင်းသက်ချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေတယ်လို့လည်း သိရပါတယ်။ 
Friday, September 22, 2017