ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီ

Tue, 2017-09-26 17:19 -- zaythu

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို အခုစက်တင်ဘာလ တတိယပတ်မှာ စတင်ထိုးပေးနေတယ်လို့ သတင်းရရှိပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းများတဲ့ မြို့နယ်တွေက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သုံးနှစ်အောက် ကလေးငယ်တွေကို ဦးစားပေး ထိုးနှံပေးတာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကျန်းမာရေး ဦးစီးမှူးတွေရဲ့ အစီအစဉ်အတိုင်း ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တူရကီနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေက လှူဒါန်းထားတဲ့ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး အလုံးရေ နှစ်သိန်းကျော် လက်ခံရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီဆေးအလုံးရေထဲက ဆေးအလုံးရေ တစ်သိန်းကျော်ကို အသုံးပြုပြီး ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အသက်တစ်နှစ်ကနေ သုံးနှစ် အရွယ်ကလေးတွေကို အခမဲ့ထိုးနှံပေးတာဖြစ်ပါတယ်။

ဒုတိယအဆင့် အနေနဲ့ ကျန်ရှိနေတဲ့ ကာကွယ်ဆေး အလုံးရေ (၁)သိန်းကိုတော့ ကျန်းမာရေးဝန်ထမ်းတွေကို လာမယ့်လမှာ ထိုးနှံပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။ အခုအချိန်မှာ ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်းသွားပြီး 
လူသေဆုံးမှု မရှိတော့တဲ့ အတွက် ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ 

ဇူလိုင် ၂၁ ရက်ကနေ  စက်တင်ဘာ ၁၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရာသီတုပ်ကွေး(H1N1) ရောဂါပိုးတွေ့ လူနာ (၃၉၈) ဦးရှိပြီး (၃၇) ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 

Tuesday, September 26, 2017