တောင်းရမ်းစားသောက်သူတွေကို ဘယ်လိုထိန်းချုပ်စီမံမလဲ

Thu, 2017-10-12 16:05 -- zaythu

တောင်းရမ်းစားသောက်သူတွေကို ထိန်းချုပ်စီမံဖို့ လိုအပ်တယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား လိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တောင်းရမ်းစား သောက်သူတွေကို တားဆီးထိန်းသိမ်းဖို့ကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းမှုကို မြို့တော်ဝန်က ဖြေကြားခဲ့တာဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို တောင်းစားခိုင်းနေတာတွေကို  ထိန်းသိမ်း ဆောင်ရွက်ဖို့ ဦးလှဌေးက ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနက နေ့စဉ်လှည့်လည်ပြီး တောင်းရမ်း စားသောက်သူတွေကို ထိန်းသိမ်းနေတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ ယခုနှစ် ဇန်နဝါရီကစပြီး စက်တင်ဘာလအထိ ဖဖ်းဆီး ထိန်းသိမ်းထားတဲ့ တောင်းရမ်းစားသောက်သူ ကိုးရာကျော်ရှိတယ်လို့ သိရပါတယ်။

တစ်ချို့ကို အုပ်ထိန်းသူတွေက ထောက်ခံချက်တွေနဲ့ လာရောက်ခေါ်ယူတာတွေရှိသလို တစ်ချို့ကိုလည်း အသက်အရွယ် အပိုင်းအခြား အလိုက် လူမှုစောင့်ရှောက်ရေးဌာနတွေကို ပို့ပေးတာတွေရှိတယ်လို့ သိရပါတယ်။

တောင်းရမ်းစားသောက်သူတွေ၊ တောင်းရမ်းခိုင်းနေတာတွေကို  တွေ့ရှိပါကလည်း စည်ပင်သာယာရေးကော်မတီကို အသိပေးအကြောင်းကြားဖို့ မြို့တော်ဝန်က ပြောပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Thursday, October 12, 2017

Top News