ကယ်လီဖိုးနီးယား တောမီးကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရဆဲ

Thu, 2017-10-12 17:22 -- zaythu
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ ကူးစက်လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲလို့ သိရပါတယ်။
 
အမေရိကန်ရဲ့ ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းတွေ အကျယ်ပြန့်ဆုံး တည်ရှိနေတဲ့ ဧရိယာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး စိုက်ခင်းတွေ အပါအဝင် မြေဧကပေါင်း တစ်သိန်းတစ်သောင်း ငါးထောင်ကျော်လောက် ပျက်စီးခဲ့ပါတယ်။ ပျောက်ဆုံးသူ အရေအတွက်ကလည်း ၁၅၀ ကျော် ရှိနေပါတယ်။
 
အာဏာပိုင်တွေက အဲဒီဒေသကို အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး လူပေါင်း နှစ်သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အောက်တိုဘာ ၁၁ ရက်မှာတော့ ဒေသခံ တချို့ဟာ မီးလောင်ပြင် ဖြစ်သွားတဲ့ သူတို့ရဲ့ နေအိမ်ဟောင်းတွေ နေရာကို ပြန်လည် ရောက်ရှိလာကြပါတယ်။
 
မီးလောင်မှုတွေ ဖြစ်ပွားနေတဲ့ ဆိုနိုမာ၊ ဆန်တာရိုဆာ၊ နာပါနဲ့ မန်ဒိုစီနို ခရိုင်တွေမှာ အပူချိန် မြင့်မားပြီး လေပြင်းတွေလည်း တိုက်ခတ်နေတာကြောင့် မီးကူးစက်မှုကို ပိုမြန်အောင် အထောက်အပံ့ ပေးသလို ဖြစ်နေပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲလို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ 
Thursday, October 12, 2017

Top News