အိမ်ငှားနေသူတွေ ဧည့်စာရင်းနဲ့ ထောက်ခံစာကိစ္စ တိုင်းလွှတ်တော်မှာပြော

Thu, 2017-10-12 17:24 -- zaythu
အိမ်ဌားနေသူတွေ သက်ဆိုင်ရာရပ်ကွက်မှာနေထိုင်ကြောင်း တာဝန်ရှိသူတွေကို အကြောင်းကြားထားရင် ရပ်ကွက်ထောက်ခံစာရယူနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောပါတယ်။ဒီကနေ့ အောက်တိုဘာ ၁၂ မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာ ပါ။
 
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အိမ်ဌားနေထိုင်သူတွေ အနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားဖို့ကိစ္စနဲ့ ထောက်ခံစာရယူလိုပါက ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ မေးခွန်းကိုမေးမြန်းခဲ့တာပါ။အိမ်ဌားနေထိုင်သူတွေက ဧည့်စာရင်းတိုင်ကြားဖို့မလိုပေမယ့် တစ်လထက်ပိုပြီးနေထိုင်ပါက သက်ဆိုင်ရာကို အကြောင်းကြားရမယ်လို့ ဗိုလ်မှူးကြီးအောင်စိုးမိုးကပြောပါတယ်။
 
ဧည့်စာရင်းတိုင်ကြားမှုဥပဒေကို ဖျက်သိမ်းလိုက်ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာတော့ အထက်က ညွှန်ကြားချက် မရတာကြောင့် တိုင်ကြားလို့ရသလို မတိုင်ကြားလည်းရတယ်ဆိုတဲ့ ကိစ္စတွေဖြစ်ပေါ်နေတယ်လို့ ဦးလှဌေးကပြောပါတယ်။အဲဒါတွေကြောင့် အိမ်ဌားနေထိုင်သူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအကြား အခက်အခဲတွေရှိနေတယ်လို့ ဦးလှဌေးကပြောပါတယ်။
 
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အိမ်ဌားနေထိုင်သူတွေအကြား ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဆက်သွယ်ရေးစနစ် တစ်ခုကိုလည်း ထားရှိဖို့လိုတယ်လို့လည်း ဦးလှဌေးက ပြောကြားခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက်- အိမ့်မြတ်နိုးဇော်
 
Thursday, October 12, 2017

Top News