-->

7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Fri, 2017-10-13 10:08 -- zaythu
၁။ရခိုင်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဒီည တိုင်းပြည်ကို မိန့်ခွန်းပြောမယ်
 
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် တစ်လကျော်အကြာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ည ပြည်သူတွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့စက်တင်ဘာ လ၁၉ ရက်က နိုင်ငံတကာသံတမန်တွေကို လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးရှင်း လင်းပြေကြားမှုပြုလုပ်ခဲ့ပြီး ဒါဟာ ပြည်သူတွေကို ပထမဆုံးအကြိမ်ပြောကြားတဲ့ မိန့်ခွန်းဖြစ်ပါတယ်။
 
ဒီနေ့ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်မှာ ပြောကြားမယ့် အတိုင်ပင်ခံရဲ့ မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားတွေကနေ ကြည့်ရှုရမှာ ဖြစ်ပါတယ် ။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ က မိန့်ခွန်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံက ပဋိပက္ခ ဖြစ်ပွားနေတဲ့ရခိုင်ဒေသက အခြေအနေတွေအတွက် မြန်မာအစိုးရက ဆောင်ရွက်နေပုံတွေကို ရှင်းလင်းခဲ့ပြီး ပဋိပက္ခဒေသက အခြေအနေမှန်တွေကို သိနိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျလာရောက်လေ့လာပါလို့ သံတမန်တွေကို ဖိတ်ခေါ်ခဲ့တာပါ ။
 
မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးယုံကြည်မှုတွေကြောင့် အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံ မဖြစ်စေလိုတဲ့အတွက် နိုင်ငံမှာနေထိုင်သူအားလုံး အေးချမ်းလုံခြုံအောင် ဆောင်ရွက်တဲ့နေရာမှာ ပါဝင်လိုသူတွေကို ဖိတ်ခေါ်ပါတယ်လို့လည်း အတိုင်ပင်ခံက ပြောကြားခဲ့တာပါ ။
 
သြဂုတ်လ ၂၅ ရက်ကလုံခြုံရေးစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်မှုခံရပြီးနောက် အစိုးရအဖွဲ့က တန်ပြန်ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ နေရပ်စွန့်ခွာထွက်ပြေးမှုတွေများလာတဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
 
၂။ အကြမ်းဖက်မှုတွေရှိနေတဲ့ ရခိုင်ကရွာတွေ လျှပ်စစ်မီးလင်းဖို့ ကျပ် ဘီလီယံ ၃၀ သုံးမယ်
 
အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဒေသတွေမှာ လျှပ်စစ်မီးရရှိဖို့ အထူးရန်ပုံငွေ ကျပ်ဘီလီယံသုံးဆယ် အကုန်ကျခံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ လစဉ်ပုံမှန်သ တင်းစာရှင်းလင်းပွဲမှာ ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးရဲတိုးသွင်းက ပြောဆိုလိုက်တာပါ။
 
ပုဏ္ဏားကျွန်းအတွက် ဓာတ်အားလိုင်းစနေပြီဖြစ်ပြီး ရသေ့တောင်ကို မတ်လရောက်မည်ဖြစ်ကာ ဘူးသီးတောင်ကို ၂၀၁၈ အကုန်မှာရောက်မယ်လို့ ဦးရဲတိုးသွင်းက ပြောပါတယ်။
 
ဒါ့အပြင် အဲဒီဒေသမှာ စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကိုလည်း လျှပ်စစ်မီးပေးနိုင်ဖို့ လာမယ့်တစ်ပတ်အတွင်းမှာ စက်ပစ္စည်းတွေ ပို့ဆောင်သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ လျှပ်စစ်မီးစတင်ဖြန့်ဝေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
 
အခုလက်ရှိ ရသေတောင်မြို့နယ်က ကျေးရွာ ၁၈ ရွာ၊ ဘူးသီးတောင်မှာ ကျေးရွာ ၁၂ ရွာနဲ့ မောင်တောမြို့နယ်မှာ ကျေးရွာ ၁၅ ရွာ မီးရရှိုဖို့ တင်ဒါခေါ်ယူပြီး စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
 
အဆိုပါသုံးမြို့နယ်မှာရှိတဲ့ ကျေးရွာအားလုံးလျှပ်စစ်မီးရရှိရေးကို သုံးနှစ်အတွင်းအပြီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
 
အောက်တိုဘာ ၁၁ ရက်က ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ထိထိရောက်ရောက် ပေး နိုင်ရေး၊ ပြန်လည်နေရာ နေရာချထားရေးနဲ့ ပြန်လည်ထူ ထောင်ရေးတို့အတွက် ပြောကြားခဲ့တာလည်း ရှိပါတယ်။
 
၃။ တောင်းရမ်းစားသောက်သူတွေကို ဘယ်လိုထိန်းချုပ်စီမံမလဲ
 
တောင်းရမ်းစားသောက်သူတွေကို ထိန်းချုပ်စီမံဖို့ လိုအပ်တယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား လိုက်ပါတယ်။
 
ဒီနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအထိ ဖဖ်းဆီးထိန်းသိမ်းထားတဲ့ တောင်းရမ်းစားသောက်သူ ကိုးရာကျော်ရှိ တယ်လို့သိရပါတယ်။
 
ဒီကနေ့ အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြား လိုက်တာပါ။
 
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တောင်းရမ်းစား သောက်သူတွေကို တားဆီးထိန်းသိမ်းဖို့ကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းမှုကို မြို့တော်ဝန်က ဖြေကြား ခဲ့တာဖြစ်ပါတယ်။
 
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို တောင်းစားခိုင်းနေတာတွေကို ထိန်းသိမ်း ဆောင်ရွက်ဖို့ ဦးလှဌေးက ပြောကြားခဲ့တာပါ။
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးဌာနက နေ့စဉ်လှည့်လည်ပြီး တောင်းရမ်းစားသောက်သူတွေကို ထိန်းသိမ်းနေတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။
 
တစ်ချို့ကို အုပ်ထိန်းသူတွေက ထောက်ခံချက်တွေနဲ့လာရောက်ခေါ်ယူတာတွေရှိသလို တစ်ချို့ကိုလည်း အသက်အရွယ်အပိုင်းအခြားအလိုက် လူမှုစောင့်ရှောက်ရေးဌာနတွေကို ပို့ပေးတာတွေရှိတယ်လို့သိရပါတယ်။
 
တောင်းရမ်းစားသောက်သူတွေ၊ တောင်းရမ်းခိုင်းနေတာတွေကို တွေ့ရှိပါကလည်း စည်ပင်သာယာရေးကော်မ တီကို အသိပေးအကြောင်းကြားဖို့ မြို့တော်ဝန်က ပြောပါတယ်။
 
၎။ နေစွမ်းအင် သီးသန့်သုံး ကမ္ဘာ့ဖလား ကားမောင်းပြိုင်ပွဲမှာ နယ်သာလန်အသင်း ဗိုလ်စွဲ
 
နေစွမ်းအင်သုံး ကမ္ဘာ့ဖလား ကားမောင်းပြိုင်ပွဲမှာ နယ်သာလန် အခြေစိုက် နူယွန်ဆိုလာ ကားအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။
 
အောက်တိုဘာ ၁၂ ရက်မှာ နူညာ အမှတ် ၉ ကားလေးက ပထမဆုံး နေရာကနေ ပန်းဝင်ပြီး နူယွန်ဆိုလာ အသင်းအတွက် သတ္တမ အကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးစေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကားအားလုံးဟာ ဆိုလာပြားတွေကနေ ခံယူရရှိတဲ့ နေရောင်ခြည် စွမ်းအင်ကိုပဲ သီးသန့် အသုံးပြု မောင်းနှင်ရတာ ဖြစ်ပါတယ်။
 
နူညာ အမှတ် ၉ နေရောင်ခြည် စွမ်းအင်သုံး ကားလေးဟာ ဩစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင်မြို့ကနေ တောင်ပိုင်းမှာရှိတဲ့ အဒီလိုင်ဒေးထိ တစ်ပတ်ကြာ စံချိန်ယူ မောင်းနှင်မှု အပြီးမှာ ၃၇ နာရီ၊ ၁၀ မိနစ်၊ ၄၁ စက္ကန့် စံချိန်နဲ့ ပန်းဝင်ခဲ့ပါတယ်။ ဒီကားလေးဟာ နေစွမ်းအင်ကို သီးသန့် အသုံးပြုပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းလောက်ထိ အရှိန်မြှင့် မောင်းတင်နိုင်ခဲ့ပါတယ်။
 
အခုပြိုင်ပွဲရဲ့ အမြန်ဆုံး စံချိန်ကိုတော့ ၂၀၀၉ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကိုင်တက္ကသိုလ် နေစွမ်းအင် ကားအသင်းက ၂၉ နာရီ ၄၉ မိနစ်နဲ့ ပိုင်ဆိုင်ထားဆဲလို့ သိရှိရပါတယ်။ 
Friday, October 13, 2017

Top News