ငွေအကြွေကိစ္စအဆင်ပြေဖို့ ဗဟိုဘဏ်နဲ့ တခြားဘဏ်တွေ ပူးပေါင်းဆောင်ရွက်မယ်

Fri, 2017-10-13 16:00 -- zaythu

ငွေအကြွေရှားပါးနေမှု အဆင်ပြေဖို့အတွက် ဗဟိုဘဏ်နဲ့ အခြားဘဏ်တွေချိတ်ဆက်ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောပါတယ်။

အောက်တိုဘာ ၁၁ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ငွေအကြွေရှားပါးနေတာကြောင့် ဝန်ထမ်းတွေကို လစာထုတ်ပေးတဲ့အခါ အကြွေတွေ ထည့်ပေးဖို့ မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။

ယခုနှစ် သြဂုတ်လကစလို့ ဝန်ထမ်းတွေကို လစာထုတ်ပေးရာမှာ ၅၀၀တန်နဲ့၁၀၀တန် တွေကိုထည့်သွင်းပေးခဲ့ပြီး ပင်စင်လစာတွေမှာလည်း ငွေအကြွေတွေ ထည့်ပေးခဲ့တယ်လို့ ဝန်ကြီးကပြောပါတယ်။ ရန်ကုန်မှာ YBSတွေကို Cash Boxစနစ် စတင် အသုံးပြုလိုက်တဲ့ အချိန်ကစလို့ ခရီးသွားပြည်သူတွေကြား ငွေအကြွေအခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလို အခက်အခဲတွေ အတွက် အဖွဲ့အစည်း တစ်ချို့က ကားမှတ်တိုင်တွေနဲ့ လူစည်းကားရာနေရာတွေမှာ ငွေအကြွေ လဲပေးတာတွေကို ဆောင်ရွက်ပေးနေပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Friday, October 13, 2017