ဧရာဝတီနဲ့ ဒုဌ၀တီတို့ ပေါင်းစုံစီးဆင်းရာ သန်လျက်ခုံကျွန်းဆွယ်ပေါ်က အင်းဝ

Fri, 2017-10-13 16:06 -- zaythu

နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့ဖူးရာ အင်းဝ။ 
 
အင်းဝမြို့ဟာ မန္တလေးနဲ့သိပ်မဝေးလှဘဲ မန္တလေးမြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်နဲ့ ဒုဌ၀တီမြစ်(မြစ်ငယ်မြစ်)တို့ဆုံရာမှာ တည်ရှိပါတယ်။ အင်းဝမြို့ဟာ အေဒီ(၁၃၆၄-၁၃၆၈)မှာ သတိုးမင်းဖျား စတည်ခဲ့တာဖြစ်ပြီး ဘကြီးတော် (၁၈၁၉-၁၈၃၇)ထိ နောက်ဆုံးမင်းအနေနဲ့ စိုးစံခဲ့တာမို့ နှစ်ပေါင်း ၄၀၀ ကျော် မင်းနေပြည်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အင်းဝမှာ လေ့လာစရာ၊ လည်ပတ်စရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေ အများကြီးပါပဲ။
 
အင်းဝကို မန္တလေးကနေ သွားမယ်ဆို လမ်းကြော နှစ်ကြောနဲ့ သွားနိုင်ပါတယ်။ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းအတိုင်း မန္တလေး တံခွန်တိုင် အ၀ိုင်းကနေ ဆက်သွားပြီး ဒုဌ၀တီတံတားကို ကျော်တဲ့အခါ လမ်းညာဘက်မှာ အင်းဝသွားဖို့ လမ်းညွန်ဆိုင်းဘုတ်တွေ့ပါလိမ့်မယ်။ ဒါကတော့ အဝေးပြေးလမ်းကနေ သွားတာပါ။

အဲ့ဒီလိုမှ မသွားချင်ရင် မန္တလေး အိုးတုတ်တန်းဘက်ကနေ ဒုဌ၀တီမြစ်ကို စက်လှေနဲ့ကူးလို့ အင်းဝဘက်ကမ်းက လှေဆိပ်ကို သွားနိုင်ပါသေးတယ်။ အဲ့ဒီလိုသာ သွားမယ်ဆိုရင် အရင်ဆုံး စစ်ကိုင်း-မန္တလေးလမ်းကနေ စစ်ကိုင်းတံတားဟောင်းရှိရာကိုသွားရပါမယ်။ စစ်ကိုင်းတံတားဟောင်းထိပ်ကို ရောက်ပြီဆို လမ်းသုံးခွဆုံ ဆိုင်းဘုတ်ကနေ အိုးတုတ်တန်းကို ရောက်အောင်သွားပါ။ အိုးတုတ်တန်းကို သွားတဲ့လမ်းလေးဟာ သစ်ပင်ရိပ်တွေနဲ့ အရမ်းကိုလှလို့ ဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ 
 
အိုးတုတ်တန်းလှေဆိပ်ကိုရောက်ပြီဆိုရင်တော့ စက်လှေနဲ့ တစ်ယောက် ၅၀၀ ပေးပြီး အင်းဝကို ကူးယုံပါပဲ။ စက်လှေပေါ်ကို ဆိုင်ကယ်တင်ပြီး ကူးလို့လည်းရပါသေးတယ်။ ဆိုင်ကယ်ပါရင်တော့ အင်းဝရောက်တဲ့အခါ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်လည်ရုံပဲပေါ့။
 
ဆိုင်ကယ်မပါဘူးဆိုရင်တော့ အင်းဝရဲ့ နာမည်ကျော် မြင်းလှည်းလေးတွေငှားပြီး လည်ပတ်နိုင်ပါတယ်။ သစ်ပင်ခြုံနွယ်တွေနဲ့ စိမ်းနေတဲ့ လမ်းလေးတွေထဲ မြင်းလှည်းလေးနဲ့ လျှောက်သွားရတာကလည်း အရသာတစ်ခုပါ။ 
 
အင်းဝမြို့ကို လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ အခုလို သီတင်းကျွတ်အပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖဖော်ဝါရီလတွေပါပဲ။ နွေရာသီကတော့ ပူပြင်းလွန်းပြီး မိုးရာသီကတော့ အင်းတွေ၊ မြစ်တွေရေလျှံတတ်လို့ သိပ်ပြီး သွားလာလို့မကောင်းပါဘူး။ အင်းဝမြို့ရဲ့ အလှဆုံးအချိန်ကတော့ လက်ပံပွင့်တွေ ပွင့်တဲ့ နွေဦးရာသီ ဖေဖော်ဝါရီပဲဖြစ်ပါတယ်။  အဲ့ဒီအချိန်ဆို ကြည့်လေရာ လက်ပံပွင့်ရဲရဲတွေ၊ ရွက်ကြွေတွေနဲ့ အင်းဝမြို့ဟောင်းကြီးဟာ ကြည့်လေရာ လွမ်းစရာအပြည့်ဖြစ်နေမှာ အမှန်ပါပဲ။ 
 
အင်းဝရောက်ရင် အဓိကကတော့ မယ်နုအုတ်ကျောင်းကြီးပဲဖြစ်ပါတယ်။ အ၀ါခပ်ဖျော့ဖျော့ ထုထည်ကြီးကြီးနဲ့ အုတ်ကျောင်းကြီးကို ဓာတ်ပုံတွေကနေတဆင့် ရင်းနှီးကြပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။  ဘကြီးတော်ရဲ့ မိဖုရားခေါင်ကြီးမယ်နု ဆောက်လှူထားတဲ့ မယ်နုအုတ်ကျောင်းကြီးဟာ အုတ်အင်္ဂတေတွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ကျောင်းကြီးပါ။ ဒီကျောင်းကြီးကို ၁၈၂၈မှာ ညောင်ကန်ဆရာတော် ဦးပို ကို ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆရာတော် ဦးပို ပျံလွန်တော်မူအပြီးမှာတော့ ဆရာတော်ဦးဗုဓ်ကို လှူဒါန်းခဲ့ပါတယ်။ 
မယ်နုအုတ်ကျောင်းနဲ့ပတ်သက်တဲ့ ရာဇ၀င်တွေကလည်း အမျိုးမျိုးပါပဲ။ အုတ်ကျောင်းကြီးမှာ ပြာဿဒ်ဆောင်၊ ရဟန်းတွေ သီတင်းသုံးဖို့အခန်း၊ စင်္ကြပတ်လမ်းတွေထည့်ဆောက်ထားပြီး အုတ်ကျောင်းတစ်ခုလုံးဟာ လက်ရာမြောက်လှတာကို တွေ့ရပါလိမ့်မယ်။
 
နောက်တစ်နေရာကတော့ အင်းဝနန်းမြင့်မျှော်စင်ဖြစ်ပါတယ်။ မယ်နုအုတ်ကျောင်းအနီးမှာပဲ အင်းဝမျှော်စင်ရှိပါတယ်။ အင်္ဂတေနဲ့ သစ်သားပေါင်းစပ်တည်ဆောက်ထားတဲ့ အင်းဝမျှော်စင်ကြီးက အခုချိန်မှာတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေပြီး အန္တရာယ်ရှိတာကြောင့် မျှော်စင်ပေါ်ကို တက်ဖို့ တားမြစ်ထားပါတယ်။ အင်းဝမျှော်စင်နားက လက်ပံပင်ကြီးကတော့ ဖေဖော်ဝါရီလဆို လက်ပံပွင့်တွေ ရဲနေအောင်ပွင့်တာမို့ ဓာတ်ပုံရိုက်လို့သိပ်ကောင်းတဲ့နေရာတစ်ခုပါ။ ပြီးရင်တော့  မျှော်စင်ရှေ့မှာ ပန်းချီကားတွေ၊ လက်မှုပစ္စည်းတွေကို အမှတ်တရ ၀ယ်ယူနိုင်ပါသေးတယ်။
မျှော်စင်ပြီးရင်တော့ ဗားကရာကျောင်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ သစ်သားအတိပြီးတဲ့ ဗားကရာကျောင်းတော်ကြီးဟာ မြန်မာ့လက်မှုပန်းပု၊ ပန်းပွတ် ဗိသုကာလက်ရာတွေကို အထင်အရှားမြင်တွေ့ရမယ့်နေရာတစ်ခုပါ။ မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကျွန်းတိုင်လုံးပေါင်း ၂၆၇ တိုင်ပါရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ပါတယ်။ ရေနံချေးဝပြီး သပိတ်ရောင်ထနေတဲ့ ကျောင်းတော်ကြီးဟာ မြင်ရတာနဲ့ကို ရင်သပ်ရှုမောစရာပါပဲ။
နေက်တစ်နေရာ ထပ်ညွှန်းပေးချင်တာကတော့ ဆင်ကျုံးခံတပ်ဖြစ်ပါတယ်။ ဆင်ကျုံးခံတပ်ဟာ အင်းဝမြို့ ဆင်ကျုံးရွာ ရဲ့ အနောက်၊ ဧရာဝတီမြစ်တောင်ဘက်မှာရှိပါတယ်။ ရှေးဘုရင်များလက်ထက်က ဆင်တွေကို ကျုံးသွင်းဖမ်းဆီးဖို့ လုပ်ထားတဲ့ ထောင်ချောက်မို့ ဆင်ကျုံးလို့ခေါ်ပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ ဧရာဝတီမြစ်က ဆန်တက်လာမယ့် ရေကြောင်းအန္တရာယ်ကိုတွက်ဆပြီး ဆင်ကျုံးနေရာမှာ ခံတပ်လုပ်ခဲ့ရာကနေ ဆင်ကျုံးခံတပ်ဆိုပြီးဖြစ်လာပါတယ်။ 
ဆင်ကျုံးခံတပ်ဟာ စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ်ပါပါတယ်။ ကျုံးထဲမှာ ခံတပ်အတွက်အသုံးပြုခဲ့တဲ့ အမြောက်လက်နက်တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဆင်ကျုံးခံတပ်ကနေ ဧရာဝတီမြစ်ရဲ့ ညနေခင်းဆည်းဆာအလှကို တစ်ဝကြီးခံစားနိုင်ပါသေးတယ်။
တကယ်တော့ အင်းဝမြို့ဟောင်းမှာ လည်ပတ်စရာတွေက အတော်များတာပါ။ ရတနာဆီမီးဘုရားစု၊ ဒေါ်ဂျမ်းဘုရားစု ၊ စန္ဒာမုနိဘုရား၊ ၀င်္ကပါဘုရား၊ မြင့်မိုရ်တောင်ဘုရား၊ လောကသရဖူဘုရား၊ထီးလှိုင်ရှင် စတဲ့နေရာတွေကြိုလည်း သွားရောက် ဖူးမြှော်နိုင်ပါတယ်။ ဘုရားတစ်ခုချင်းစီမှာ သူမတူတဲ့ လက်ရာတွေ ဗိသုကာတွေနဲ့မို့ ရင်သပ်ရှုမောစရာပါ။
အင်းဝမြို့ဟာ ကြည့်လေရာ အုတ်နီရဲရဲ ရှေးဟောင်းအဆောက်အအုံတွေနဲ့ အေးချမ်းသာယာပြီး မြန်မာမှုလက်ရာတွေ၊ ဗိသုကာတွေ၊ သမိုင်းတွေနဲ့ ထုံမွှမ်းနေတဲ့ မြို့လေးဖြစ်ပါတယ်။ အခွင့်အခါသင့်ရင် အဆင်းလှတဲ့ အင်းဝမြို့လေးကို တစ်ခါလောက်တော့ အလည်လာစေချင်ပါသေးတယ်။ 
အင်းဝမြို့ရဲ့ ရှုခင်းတွေ၊ အလှအပတွေဟာ ပြန်တွေးတိုင်း အမှတ်ရစရာတွေဖြစ်နေမှာပါ။ အဲဒီလိုထူးခြားလှပတဲ့ အင်း ဝမြို့လေးကို 7Day TV ရဲ့ Authentic Travel အစီအစဉ်ကနေ တင်ဆက်ပေးထားတာမို့ မျက်မြင် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

Friday, October 13, 2017