ဇေယျာဖြိုးနဲ့ ရဲတပ်ဖွဲကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိကြောင်း ဇေယျာဖြိုးရှေ့နေ ပြောကြား

Fri, 2017-10-13 19:03 -- zaythu

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဇေယျာဖြိုးဟာ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ပပဝင်းက ဇေယျာဖြိုးအနေနဲ့ အမှုမှာ ပါဝင်ပတ်သက်မှု မရှိကြောင်းကို ပေါ်လွင်စေလိုတာကြောင့် ဇေယျာဖြိုးရဲ့ ဆောင်ရွက်မှုတွေ အပေါ် ရဲတပ်ဖွဲ့က ပေးအပ်ထားတဲ့ ဂုဏ်ပြုမှတ်တမ်းတွေနဲ့ ဇေယျာဖြိုးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီးပွားရေး ဆိုင်ရာ စာချုပ် တွေအကြောင်းကို  မေးမြန်းရာမှာ ထည့်သွင်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဦးကိုနီ လုပ်ကြံခံရမှုမှာ ဇေယျာဖြိုးဟာ ငွေပေးစေခိုင်းသူ တစ်ဦး ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မူးယစ်ဆေးဝါးပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားခဲ့ပါတယ်။  

ရဲချုပ် ဇော်ဝင်းဟာ အငြိမ်းစား မယူခင်က ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ပြောကြားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး မြောက်ပိုင်းခရိုင် တရားရုံးမှတရားလိုပြ သက်သေ ငါးဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Friday, October 13, 2017