ရပ်နားခံထားရတဲ့ ရွှေပြည်သာက အရက်ချက်စက်ရုံတွေကို တစ်နှစ် ပြန်လည် လုပ်ကိုင်ခွင့်ပြု

Fri, 2017-10-13 19:10 -- zaythu

၂ လနီးပါးရပ်နားထားရတဲ့ အရက်ချက်စက်ရုံတွေကို အခု ရေဆိုးသန့်စင်စက် တည်ဆောက်နေစဉ် ကာလမှာ  တစ်နှစ် ပြန်လည်လုပ်ကိုင်ခွင့်ပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကုန်သည်စက်မှုအသင်းချုပ်မှာပြုလုပ်နေတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ်ရေဆိုးများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့နည်းစေရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေနဲ့ ဒေသခံက  အပြင်းအထန်ကန့်ကွက်လို့ ရေဆိုးသန့်စင်စနစ် မတပ်ဆင်ထားတဲ့ အရက်ချက်စက်ရုံတွေကို  လွန်ခဲ့တဲ့ ၂ လက လည်ပတ်မှုရပ်ဆိုင်းခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ စက်မှုဇုန် ၁ က အရက်ချက်စက်ရုံတွေ စုဝေးရာဇုန်  ဖြစ်ပြီး အဲ့ဒီ့ဇုန်ထဲမှာ ရေဂါလံ သန်း၂၀ ဆံ့ သန့်စင်စက်ရုံကို ဘုံသုံးအနေနဲ့ တည်ဆောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စက်ရုံမလည်ပတ်ရဘဲ ရပ်ထားရတဲ့အတွက် အရှုံးတွေနဲ့၊ ဝန်ထမ်း စရိတ်တွေ၊ ဘဏ်ကိုပေးသွင်းရမယ့်အတိုးတွေ စတာတွေကြောင့် ရေဆိုးသန့်စင်စက် ပြီးစီးတဲ့ အချိန်ထိ စောင့်ရမယ်ဆိုရင် စက်ရုံ ဒေဝါလီခံရတော့မယ်လို့ ရွှေအိုး အရက်ချက် စက်ရုံပိုင်ရှင် ဦးတင်ရွှေက ဆိုပါတယ်။

ရေအပြည်သာ စက်မှုဇုန်မှာ (၁) မှာ တည်ဆောက်နေတဲ့ ရေဆိုးသန့်စင်စက်ရုံက ပြီးစီးမှု ၆၅ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၈ မတ်လ လောက်မှာ စက်ရုံလည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

စက်မှုဇုန်အနီးက ရပ်ကွက်နေပြည်သူတွေကတော့  ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၀ ရက်နေ့မှာ အရက်ချက်စက်ရုံတွေကို ဆန္ဒပြခဲ့ကြပါသေးတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Friday, October 13, 2017