7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Fri, 2017-10-13 19:20 -- zaythu

 (၁) ရှမ်းပြည်နယ်လွှတ်တော်ရုံး (၁) ဝန်ထမ်းအသတ်ခံရမှု ပြစ်မှုကျူးလွန်သူဆိုသူကို ဖမ်းမိ

ရှမ်းပြည်နယ် လွှတ်တော်ရုံးမှာ ဝန်ထမ်းအချင်းချင်းသတ်တဲ့ လူသတ်မှုတစ်ခု မနေ့က အောက်တိုဘာ ၁၂ ရက် ညက ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူမှာ ဦးစိုးမင်းအောင်ဆိုသူ လွှတ်တော်ရုံးမှ အကြီးတန်းစာရေး ဖြစ်ပြီး အငယ်တန်းစာရေးက အကြွေးငွေ ၁၄ သိန်း မပေးလိုလို့ သတ်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မနေ့က ည ၇ နာရီခန့်မှာ တောင်ကြီမြို့ သစ်တောရပ်ကွက်က လမ်းကြားတစ်ခုမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူကို အောက်တိုဘာ ၁၁ ရက် ကတည်းက မိသားစုက လူပျောက်တိုင်ချက်ဖွင့်ထားတာ ဖြစ်ပြီး အလောင်းတွေ့တဲ့အချိန်မှာ နောက်ဆုံးသွားခဲ့တဲ့နေရာတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာပါ။

အောက်တိုဘာ ၁၀ ရက် ညနေ ၃း၀၀နာရီမှာ တစ်ရုံးထည်း အတူ အလုပ်လုပ်ကိုင်နေသည့် အငယ်တန်းစာရေးဆိုသူ ဦးညီညီထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့ အတွက် မသင်္ကာဖွယ် ပြစ်မှုကျုးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စိုးထွန်းဝင်းက ပြောကြားခဲ့တာပါ။

ပြစ်မှုကျူးလွန်သူဟာ အကြွေးငွေ ၁၄ သိန်း ပေးစရာရှိလို့ သတ်ခဲ့ကြောင်း ကနဦး ၀န်ခံထားတယ်လို့လည်း ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ပြစ်မှုကျူးလွန်ခဲ့တယ် ဆိုတဲ့ ဦးညီညီထွန်းကို တောင်ကြီးမြို့၊ မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

(၂) ဇေယျာဖြိုးနဲ့ ရဲတပ်ဖွဲ့ကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ သိရ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဇေယျာဖြိုးဟာ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ဇေယျာဖြိုးရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ပပဝင်းက ဇေယျာဖြိုး အနေနဲ့ အမှုမှာ ပါဝင်ပတ်သက်မှု မရှိကြောင်းကို ပေါ်လွင်စေလိုတာကြောင့် ဇေယျာဖြိုးရဲ့ ဆောင်ရွက်မှုတွေ အပေါ် ရဲတပ်ဖွဲ့က ပေးအပ်ထားတဲ့ ဂုဏ်ပြုမှတ်တမ်းတွေနဲ့ ဇေယျာဖြိုးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်တွေ အကြောင်းကို မေးမြန်းရာမှာ ထည့်သွင်း မေးမြန်းခဲ့တယ်လို့ သိရတာပါ။

ဇေယျာဖြိုးမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တင်သွင်းတဲ့ စပိဘုတ်တွေ အရောင်းအဝယ် လုပ်ငန်းတွေ၊ ရဲဌာနချုပ်ဆောက်တဲ့ လုပ်ငန်းတွေ ရှိတယ်လို့ ဇေယျာဖြိုးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ပပဝင်းက ဇေယျာဖြိုးရဲ့ စီးပွားရေး အခြေအနေကို ပြောကြားခဲ့တာပါ။

ဇေယျာဖြိုးဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တယ်ဆိုတဲ့အကြောင်း သိစေချင်လို့ ဒီလိုမေးခွန်းတွေ မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ဒေါ်ပပဝင်းက ပြောပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှုမှာ ဇေယျာဖြိုးဟာ ငွေပေးစေခိုင်းသူ တစ်ဦး ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မူးယစ်ဆေးဝါးပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အသိပေးပြောကြားခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်မှာ အပြန်အလှန် မေးခွန်းတွေဟာ အမှုအတွက် အသုံးဝင်တဲ့ ထွက်ဆိုချက်တွေ ဖြစ်တယ်လို့ သေဆုံးသူ ဦးနေဝင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်သူတစ်ဦး အဖြစ် ဖမ်းဆီးခံထားရတဲ့ ဇေယျာဖြိုးဟာ အရင်က ရဲချုပ်နဲ့ ရင်းရင်းနှီးနှီး ပတ်သက်ခဲ့တယ်ဆိုတဲ့ အခြေအနေ ပေါ်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့တာပါ။

ရဲချုပ် ဇော်ဝင်းဟာ အငြိမ်းစား မယူခင်က ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ပြောကြားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး မြောက်ပိုင်းခရိုင် တရားရုံးမှ တရားလိုပြ သက်သေ ငါးဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

(၃) စီမံကိန်းတွေရေးဆွဲရာမှာ ရာသီဥတုပြောင်းလဲမှုကို ထည့်စဉ်းစားဖို့ နိုင်ငံတော်အတိုင်ပင်ခံပြော

စီမံကိန်းတွေ ရေးဆွဲရာမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထည့်သွင်းစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျှော့ပါးရေးနေ့ မိန့်ခွန်းမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်ကို ပြောပြခဲ့တာပါ။

သဘာဝဘေးလျှော့ပါးရေးနေ့ အခမ်းအနားကို နေပြည်တော် MICC 2 ခန်းမမှာ ဒီနေ့ မနက် ၉ နာရီမှာ စတင်ကျင်းပခဲ့တာပါ ။

အစိုးရအနေနှင့် ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေရာမှာ ဘဘာဝဘေးအန္တာရာယ်ကြောင့် ဆုံးရှုံးနိုင်မှု လျှော့ချရေး လုပ်ငန်းစဉ်တွေကို တပါထဲ လုပ်ဆောင်ဖို့ အခွင့် အရေးရှိနေတယ်လို့ ဒုသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်က စတင်ပြီး သဘာဝဘေး လျှော့ပါးရေးနေ့ အခမ်းအနားကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၁၇ ခုနှစ်အတွက်တော့ ထိတွေ့ဘေးဒဏ်လျှော့ချမှ လုံခြုံစိတ်ချတို့ ဘဝ ဆောင်ပုဒ်နဲ့ သဘာဝဘေးလျှော့ပါးရေးကို ဆောင်ရွက်နေတယ်လို့ ဒုတိယ သမ္မတက ပြောပါတယ်။

(၄) မိုးပျံဆိုင်ကယ် တစ်မျိုးကို စမ်းသပ်နေတဲ့ ဒူဘိုင်း ရဲတပ်ဖွဲ့

ဒူဘိုင်းရဲတပ်ဖွဲ့ဟာ မိုးပျံ မော်တော်ဆိုင်ကယ် တစ်မျိုးကို လက်တွေ့ စမ်းသပ်နေတယ်လို့ သိရပါတယ်။

ပန်ကာလေးလုံးတပ် မိုးပျံဆိုင်ကယ်ကို အနာဂတ်ကာလ ဒူဘိုင်းရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ယူနစ်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီမိုးပျံဆိုင်ကယ်ကို ရုရှားကုမ္ပဏီ Hoversurfက ဖန်တီး တည်ဆောက်ခဲ့ပြီး လောလောဆယ်တော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။

ဒူဘိုင်းမှာ ပြုလုပ်တဲ့ Gitexနည်းပညာ သီတင်းပတ် ပြပွဲမှာတော့ ရဲတပ်ဖွဲ့သုံး မိုးပျံဆိုင်ကယ်ကို ခင်းကျင်း ပြသသွားပါတယ်။ စမ်းသပ်ထားတဲ့ ရလဒ်တွေအရ ဒီမိုးပျံဆိုင်ကယ်ဟာ ဖုန်ဒဏ်၊ အပူဒဏ်တွေကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။

ဒီမိုးပျံဆိုင်ကယ်ကို လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်ရတာဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၄၀ ထိ ရောက်ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ ကီလိုဂရမ် ၃၀၀ အလေးချိန်ကို တင်ဆောင်ပြီး ၂၅ မိနစ်ထိ ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။

ဒူဘိုင်းရဲတပ်ဖွဲ့ဟာ နည်းပညာကဏ္ဍကို ထဲထဲဝင်ဝင် မြှင့်တင်နေပြီး ၂၀၃၀ ပြည့်နှစ်မှာ ရဲတပ်ဖွဲ့ဝင် ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ 

Friday, October 13, 2017