အစိုးရအိမ်ရာစီမံကိန်းတစ်ခု ပုဇွန်တောင်မှာ လုပ်မယ်

Mon, 2017-10-16 17:20 -- zaythu

ပုဇွန်တောင်မြို့နယ်မှာ အစိုးရက အိမ်ရာစီမံကိန်းတစ်ခု ဖော်ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။ ပုဇွန်တောင်မြို့နယ်က  ပြည်တော်သစ်အိမ်ရာစခန်းနေရာမှာ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
 
အိမ်ရာစီမံကိန်းဖော်ဆောင်ဖို့ တိုင်းဒေသကြီးအစိုးရက စီစဉ်တာဖြစ်ပြီး ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့သဘောထားကို သိရှိဖို့ ပြည်သူတွေနဲ့တွေ့ဆုံပြီးပြီလို့ သိရပါတယ်။
 
ပြည်သူအများစုကလည်း အဲဒီ့အိမ်ရာစီမံကိန်းအတွက် သဘောတူတယ်လို့ ဦးခင်မောင်ဝင်းကပြောပါတယ်။ စီမံကိန်းကို ဖော်ဆောင်ပါက ပြည်သူတွေနစ်နာမှု မရှိဖို့ သက်ဆိုင်ရာကို ရှင်းပြထားတယ်လို့လည်း ဦးခင်မောင်ဝင်းက ဆိုပါတယ်။
 
စီမံကိန်းဖော်ဆောင်မယ့်နေရာက မြေ၆ဧကကျော် အကျယ်ရှိပြီး ဘယ်လိုပုံစံနဲ့ စီမံကိန်းကိုဖော်ဆောင်မယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လက်ရှိ ပြည်တော်သစ်အိမ်ရာစခန်းမှာ နေထိုင်သူတွေကိုလည်း အိမ်ရာစီမံကိန်းပြီးပါက နေရာပြန်လည်ချထားပေးမယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
 
ပြည်တော်သစ်အိမ်ရာစခန်းက အိုးအိမ်ပိုင်ဖြစ်ပြီး ၁၉၅၆ခုနှစ်ထဲက ဆောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Monday, October 16, 2017