7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Tue, 2017-10-17 19:17 -- zaythu

 (၁) ဖြိုးကိုကိုတင့်ဆန်းအမှုမှာ သေနတ်ပေါင်း ၂၁ လက်နဲ့ ဆက်စပ်ဖမ်းမိသူ ၁၂ ဦး ရှိ

ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်တဲ့ NSA စတေကာကပ်ထားသော ဟမ်းမားကားတွေကိစ္စ တစ်ခုတည်း သာမက ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးကို စိစစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၇ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။

ဒုဝန်ကြီးက တည်ဆဲဥပဒေတွေပေါ်မှာ ချိုးဖေါက်တဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို အရေးယူသွားမယ်လို့ ဖြေခဲ့ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းပိုင်တဲ့ ACE ဟိုတယ်ထဲမှာ အမျိုးသား လုံခြုံရေး ကောင်စီ (NSC) တံဆိပ်ပါ ဟမ်းမားအမျိုးအစား ကားလေးစီးကို အောက်တိုဘာ ၁၆ ရက်နေ့ မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ဒီကားတွေက တရားဝင်လိုင်စင်ရှိတဲ့ ကားတွေဖြစ်ပြီး ပြင်ပမှာ မောင်းနှင်ခြင်းမရှိတဲ့ အတွက် သိမ်းဆည်းဖို့ အစီအစဉ် မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့တဲ့ အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးက ဒီအမှုနဲ့ပတ်သက်ပြီး နောက်ဆုံးအချက်အလက်တွေကို အတည်ပြုရာမှာ ဒီနေ့ နေ့လည်အထိ သိမ်းဆည်းရမိတဲ့ သေနတ်ပေါင်း ၂၁ လက်နဲ့ အမှုနဲ့ ဆက်စပ်ဖမ်းမိထားသူ ၁၂ ဦး ရှိပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်က ဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်ကို မနေ့က အောက်တိုဘာ ၁၆ ရက်ညက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးရှာဖွေရာမှာ ကျည်ဆံနဲ့ မူးယစ်ဆေးပြားတွေ တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၇ရက် မနက်ပိုင်းမှာလည်း ကုမ္ပဏီရှေ့ ရပ်ထားတဲ့ ကားသုံးစီးကို ရှာဖွေရာက သေနတ် တစ်လက်ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် လေဆိပ်မှာ အောက်တိုဘာ ၁၅ရက်နေ့က လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိမှု ကွင်းဆက်အဖြစ် နေပြည်တော်က ACE ဟိုတယ်နဲ့ ရန်ကုန်မြို့ရှိ A.C.E group of companies ကို ၀င်ရောက်ရှာဖွေစစ်ဆေးပြီးနောက် နေအိမ်ကိုပါ သွားရောက်ရှာဖွေခဲ့တာပါ။

နေအိမ်မှာ ကျည်ဆန်တွေနဲ့အတူ ဖြိုးကိုကိုတင့်ဆန်း နာမည်နဲ့ နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျား ဝတ်စုံ(၁)စုံ၊ နိုင်ငံတော်တံဆိပ်နဲ့ အရိုးခေါင်းလက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ (၁)ထည်၊ စနိုက် ပါမှန်ပြောင်း(၂)လက်၊ ကျည်ကာအကီင်္ျတွေကိုပါ သိမ်းဆည်းမိခဲ့တာလို့ သိရပါတယ်။

(၂) ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်သို့ရောက်ရှိနေ

ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မန်ဟာ ရခိုင်ပြည်နယ်ကို နေ့ချင်းပြန်ခရီးစဉ် အဖြစ် ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်ဟာ ခရီးစဉ်အတွင်းမျာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး တိုင်းရင်းသား ဒုက္ခသည် စခန်းတွေနဲ့ သက္ကပြင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်က အနောက်ပြင်ကျေးရွာ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာနဲ့ ရွှေရင်အေးကျေးရွာတွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။

မစ္စတာ ဂျက်ဖရီ ဖက်လ်မန်ဟာ အောက်တိုဘာ ၁၅ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကိုလည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

(၃) ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အနိုင်ရတာကို မကျေနပ်လို့ ဒီချုပ် ကိုယ်စားလှယ် အယူခံတင်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကျိုင်းတုံမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို ဒီချုပ်ကိုယ်စားလှယ်က ကန့်ကွက် တိုင်ကြားမှုမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အမိန့်ကို မကျေနပ်လို့ ဒီချုပ်က အယူခံပြန်တင်ထားပါတယ်။

အဲဒီ့တိုင်ကြားမှုမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးရှာမွေလရှဲန်က အနိုင်ရခဲ့ပြီး ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ရှုံးနိမ့်ခဲတာပါ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အမိန့်က ရွေးကောက်ပွဲဥပဒေနဲ့ လွဲနေတာတွေရှိတဲ့ အတွက် အခုလို အယူခံပြန်တင်တာလို့ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ပြောပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မသွားဘဲနဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပေဒေအတိုင်း သွားတယ်လို့ ဒေါက်တာဝဏ္ဏစိုးက ပြောကြားလိုက်ပါတယ်။

အဲဒီ့အမှုကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်မှာ ဆုံးဖြတ်အမိန့်ချခဲ့တာ ဖြစ်ပြီး အယူခံကို အဲဒီလ ၂၉ရက် မှာ ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီတဲ့အတွက် အဲဒီ့အယူခံတင်တာကို လက်ခံလိုက်တာ ဖြစ်တယ်လို့ ရွေးကော်ပွဲ ခုံရုံးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပြောပါတယ်။

အဲဒီ့အယူခံအမှုကို လာမယ့်နိုဝင်ဘာ၈ရက်နေ့မှာ စစ်ဆေးကြားနာမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ တိုင်ကြားမှု၆မှုမှာ ပြည်ခိုင်ဖြိုးက ၅မှုရှုံးနိမ့်ပြီး ဒီချုပ်က ၁မှုရှုံးနိမ့်ခဲ့တာပါ။

အဲဒီ့ရှုံးနိမ့်မှုကိုပဲ ဒီချုပ်က အယူခံပြန်လည်တင်ခဲ့တာဖြစ်ပြီး ကျန်တဲ့အမှုတွေကတော့ အယူခံတင်တာ မရှိဘူးလို့ သိရပါတယ်။

(၄) မိုဂါဒစ်ရှူး ဗုံးခွဲမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အိုင်ဖယ်လ်မျှော်စင်ကို အမှောင်ချ

မိုဂါဒစ်ရှူးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲမှုကြီးမှာ ထိခိုက်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ် အိုင်ဖယ်လ်မျှော်စင်ကို တစ်ညတာ အမှောင်ချထားခဲ့တယ်လို့ သိရပါတယ်။

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်က လူစည်ကားရာ ဧရိယာ တစ်ခုမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် ဝမ်းနည်း ကြေကွဲကြောင်း ပြသတဲ့ အနေနဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ကမ္ဘာကျော် အိုင်ဖယ်လ် မျှော်စင်ကြီးမှာ အောက်တိုဘာ ၁၆ ရက် တစ်ညလုံး မီးတွေပိတ်ပြီး အမှောင်ချထားခဲ့တာ ဖြစ်ပါတယ်။

မိုဂါဒစ်ရှူး ဗုံးကွဲမှုဟာ အယ်လ်ရှာဘက် စစ်သွေးကြွ အုပ်စုရဲ့ လက်ချက်လို့ အစိုးရက စွပ်စွဲထားပြီး ဆိုမာလီယာနိုင်ငံ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ 

Tuesday, October 17, 2017

Top News