မိုဂါဒစ်ရှူး ဗုံးခွဲမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အိုင်ဖယ်လ်မျှော်စင်ကို အမှောင်ချ

Tue, 2017-10-17 19:28 -- zaythu

မိုဂါဒစ်ရှူးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲမှုကြီးမှာ ထိခိုက်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ် အိုင်ဖယ်လ်မျှော်စင်ကို တစ်ညတာ အမှောင်ချထားခဲ့တယ်လို့ သိရပါတယ်။
 
ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်က လူစည်ကားရာ ဧရိယာ တစ်ခုမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် ဝမ်းနည်း ကြေကွဲကြောင်း ပြသတဲ့ အနေနဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ကမ္ဘာကျော် အိုင်ဖယ်လ် မျှော်စင်ကြီးမှာ အောက်တိုဘာ ၁၆ ရက် တစ်ညလုံး မီးတွေပိတ်ပြီး အမှောင်ချထားခဲ့တာ ဖြစ်ပါတယ်။
 
မိုဂါဒစ်ရှူး ဗုံးကွဲမှုဟာ အယ်လ်ရှာဘက် စစ်သွေးကြွ အုပ်စုရဲ့ လက်ချက်လို့ အစိုးရက စွပ်စွဲထားပြီး ဆိုမာလီယာနိုင်ငံ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ 

Tuesday, October 17, 2017