ခွေးနဲ့ တောဝက် တိုက်ခိုက်စေတဲ့ အင်ဒိုရိုးရာ ကစားနည်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာ

Wed, 2017-10-18 12:27 -- zaythu

အင်ဒိုနီးရှား ရိုးရာ အမဲလိုက်ခွေး စွမ်းရည်ပြ ကစားနည်း တစ်ခုနဲ့ ပတ်သက်ပြီး တိရစ္ဆာန် အခွင့်အရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေက ကျယ်ကျယ်လောင်လောင် ဝေဖန် ပြစ်တင်နေကြပါတယ်။
 
အဘူဘာဂွန်းလို့ ခေါ်ဝေါ်တဲ့ ကစားနည်းကို အင်ဒိုနီးရှားရဲ့ ကျေးလက် ဧရိယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေဆဲပါ။ အဲဒီကစားနည်းမှာ လေ့ကျင့်ပေးထားတဲ့ အမဲလိုက် ခွေးတွေကို တောဝက်ရိုင်း တစ်ကောင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်စေပြီး လူတွေက ဝိုင်းဝန်းအားပေးလေ့ ရှိကြပါတယ်။
 
ခွေးနဲ့ တောဝက်တွေဟာ အလျား မီတာ ၃၀၊ အနံ ၁၅ မီတာလောက် ကျယ်ဝန်းတဲ့ ဝါးခြမ်းကာ သတ်ကွင်းထဲမှာ အကြိတ်အနယ် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ ဒါဟာ ရိုးရာ ကစားနည်း တစ်ခုဖြစ်ပြီး အသေအချာ ဆက်လက် ထိန်းသိမ်းသင့်ကြောင်း ပရိသတ်တွေက ပြောပေမယ့် တိရစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အဖွဲ့တွေကတော့ တိရစ္ဆာန်တွေအပေါ် ရက်စက်လွန်းတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချကြပါတယ်။
 
သမိုင်းကြောင်းအရ အဲဒီကစားနည်းဟာ စိုက်ခင်းတွေကို ဝင်ဖျက်ဆီးတဲ့ တောဝက်တွေကို ဒေသခံ လယ်သမားတွေက ဖမ်းဆီးရမိပြီး တီထွင်ရာက အစပြုခဲ့တယ်လို့ သိရပါတယ်။ သတ်မှတ် အချိန်တစ်ခုအတွင်း တောဝက်ကို ခွေးက ဘယ်လောက် ကိုက်နိုင်သလဲ၊ တောဝက်ရဲ့ တုံ့ပြန်မှုကို ဘယ်လောက် ရှောင်တိမ်းနိုင်သလဲ အစရှိတဲ့ အချက်အလက်တွေကို ဒိုင်တွေက အမှတ်ပေး ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။
 
တိရစ္ဆာန် အခွင့်အရေး စောင့်ရှောက်မှု အဖွဲ့တွေကတော့ အဘူဘာဂွန်း ကစားနည်းကို ရာဇဝတ်မှု တစ်ခုလို့ ဝေဖန်ပြီး အမိန့်အာဏာသုံး တားဆီးပေးဖို့ တာဝန်ရှိသူတွေကို ဖိအားပေး တောင်းဆိုနေပါတယ်။ အမဲလိုက်ခွေး မွေးမြူသူတွေကတော့ ဒီလိုပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်စေတဲ့အတွက် သူတို့ရဲ့ ခွေးတွေကို ဈေးကောင်း ပိုရစေကြောင်း ပြောကြားသွားပါတယ်။ 

Wednesday, October 18, 2017