7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Tue, 2017-11-14 11:51 -- zaythu
၁ ။ အေပက်အစည်းအဝေးတက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ရောက်နေ
 
ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ ပါဝင်မယ့် အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှု ( အေပက်) အဖွဲ့ အစည်းအဝေးတက်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗီယက်နမ် နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။
 
ဗီယက်နမ်သမ္မတရဲ့ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ သွားရောက်ခဲ့တာပါ။အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲကို ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့မှာ နိုဝင်ဘာလ ၁၁ ရက် ကနေ ၁၂ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
 
အဲဒီနောက်မှာတော့ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ဆက်စပ်အစည်းအဝေးတွေ ဆက်လက်တက်ရောက်သွားမှာဖြစ်ပါတယ်။
 
ဗီယက်နမ်ခရီးစဉ်မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့တာဝန်ရှိသူတွေ လိုက်ပါသွားကြတာဖြစ်ပါတယ်။
 
အာဆီယံ ခေါင်းဆောင်တွေနဲ့ အာရှ - ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင် နိုင်ငံတွေ တွေ့ဆုံပွဲကိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ ရုရှားသမ္မတ ပူတင်တို့လည်း တက်ရောက်ဖို့ရှိနေပါတယ်။
 
၂ ။အစိုးရနဲ့ UNFC တို့ ရှစ်ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေ
 
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN ) တို့ဟာ ရန်ကုန်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးရာမှာတော့ အရင်က မပြီးပြတ်ခဲ့တဲ့ အချက်အားလုံးကိုဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီတကြိမ်တွေ့ဆုံဆွေးနွေးမှုက ရှစ်ကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်မြို့က NRPC မှာ ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုဆွေးနွေးချက်တွေကို ခေါင်းဆောင်တွေဆီ ပြန်တင်ပြမှာဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှု တွေ ဆက်လုပ်ရဦး မယ်လို့ ဆိုပါတယ်။
 
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကလည်း ဒီကနေ့ဆွေးနွေးချက်တွေကို အထက်ခေါင်းဆောင်ပိုင်းတွေဆီကို တင်ပြပြီး ခေါင်းဆောင်ပိုင်းတွေဆီက သဘောတူညီချက်ရယူဖို့ပဲ လိုတော့တယ်လို့ ပြောပါတယ်။
 
ဒီကနေ့ ဆွေးနွေးခဲ့နိုင်တဲ့ အချက်တွေမှာတော့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်အပါအဝင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးကြေညာဖို့ကိစ္စ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောင်ရေးကိစ္စ တွေ ပါဝင်တယ်လို့ သိရပါတယ်။
 
အဲဒီဆွေးနွေးချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေထံတင်ပြပြီး အပြီးသတ်ဆွေးနွေးမှုကိုတော့ အခုလထဲမှာပဲ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
 
UNFCကတင်ပြထားတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးနေကြတာဖြစ်ပြီး နှစ်ဖက်သဘောတူညီမှုရရှိပါက UNFCအနေနဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA)မှာလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
 
၃ ။ဆောက်လုပ်ရေးဝန်ကြီးဌာနကို သုံးနှစ်အတွင်း ပုံစံပြောင်းသွားမယ်
 
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးဌာနတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဝင်မလုပ်တော့ ဘဲ ကြီးကြပ်တဲ့ အနေနဲ့သာ ရှိနေမယ့် ပုံစံကိုလာမယ့် သုံးနှစ်အတွင်း ပြောင်းလဲသွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောလိုက်ပါတယ်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးဌာနအချို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဝင်လုပ်ကိုင် ပေးနေရတာ မနိုင်ဝန်ထမ်းနေရသလိုဖြစ်နေပြီး သဘာဝလည်းမကျဘူးလို့ ထောက်ပြမှုတွေ ထွက်ပေါ် လာတဲ့အချိန်မှာ ဝန်ကြီးဌာနရဲ့ ပြောင်းလဲမယ့်ပုံစံကို ဒုဝန်ကြီးက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် မှာ ပြောလိုက်တာပါ။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပုံစံပြောင်းလဲသွားပေမယ့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်သွား မယ်လို့လည်း ဒုဝန်ကြီးက ဆိုပါသေးတယ်။
 
နိုင်ငံတကာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆိုတာ မရှိတဲ့ အတွက် အခုလို ပြောင်းလဲ လာမှုကို ကြိုဆိုတယ်လို့ အောင်မြေသာဇံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ပြောပါ တယ်။
 
ဝန်ကြီးဌာနတွေရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးက လုပ်ကိုင်ပေးနေမယ့်အစားသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရ အဖွဲ့ က ကြီးကြပ်ဆောင်ရွက်သွားတဲ့ ပုံစံကိုပြောင်းလဲသွားသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်အချို့ ကအကြံ ပြုဆွေးနွေးထားကြပါတယ်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာန ကို ပြောင်းလဲ ပြင်ဆင်သွားဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဆောင်ရွက်နေပြီ လို့သိရပါတယ်။
 
၎။ ဒုရဲအုပ်တစ်ဦး စခန်းအတွင်းမှာ ကိုယ့်ကိုကိုယ် ပစ်သတ်ပြီး သေဆုံး
 
ဒုရဲအုပ်တစ်ဦး ကိုယ့်ကိုကိုယ်သေနတ်နဲ့ပစ်ပြီးသေကြောင်းကြံစည်မှု တစ်ခု နိုဝင်ဘာ ၈ ရက်ည၈နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။
 
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ့် နားထင်ကိုကိုယ့်သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဒုရဲအုပ်ဟာ အသက် ၂၆ နှစ်အရွယ် ဖြစ်ပါတယ်။
 
သေနတ်နဲ့နားထင်ကို ပစ်လိုက်တဲ့အခါနားထင်ကနေ ပါးကို ကျည်ဖောက်ထွက်သွားတာဖြစ်ပြီး ပစ်တဲ့သေနတ်ကလည်း အဲဒီဒုရဲအုပ်ရဲ့သေနတ်ပဲဖြစ်တယ်လို့ သိရပါတယ်။
 
ဖြစ်ဖြစ်ချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ခဲ့ပေမယ့်ဆေးရုံကြီးရောက်ပြီး ဒီကနေ့ နေလယ် ၁၂ နာရီခန့်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။
 
သေဆုံးသွားတဲ့ ဒုရဲအုပ်ဟာ အလုပ်နဲ့ပတ်သက်လို့ ဘာမှ ဖိစီးမှု မရှိဘူးလို့ အဲဒီ ရဲစခန်းက ဒုရဲမှူး အောင် ကျော်ကျော်က ပြောပါတယ်။
 
အဲဒီ ဒုရဲအုပ်ဟာ လှည်ကူးမြို့နယ်ကဖြစ်ပြီး ကျောက် တံခါးရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတာ မကြာသေးဘူးလို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိတစ်ဦးကပြောပါ တယ်။
 
၅။ ကျောပိုးဂျက်ကို အသုံးပြုပြီး ကမ္ဘာ့စံချိန်တင် မြန်နှုန်းနဲ့ ပျံသန်းပြခဲ့တဲ့ ဗြိတိန်သား လူစွန့်စား
 
ဗြိတိန်နိုင်ငံသား လူစွန့်စား တစ်ယောက်ဟာ ကျောပိုးဂျက်ကို အသုံးပြုပြီး အမြန်ဆုံး ပျံသန်းနိုင်သူအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
 
ကျောပိုးဂျက် အင်ဂျင်ကို ဝတ်ဆင်ပြီး ခန္ဓာကိုယ် ဟန်ချက်ကို ကိုယ်တိုင် ထိန်းညှိရတဲ့ ကိရိယာ တစ်ခုကို ဝတ်ဆင်ထားတဲ့ ရစ်ချတ်ဘရောင်းနင်းဟာ အင်္ဂလန်က ရက်ဒင်း ရေအိုင်ကို ဖြတ်ကျော်ပြီး ပျံသန်းပြခဲ့ပါတယ်။
 
Gravity စက်မှုလုပ်ငန်းကို ထူထောင်သူလည်းဖြစ်တဲ့ ဘရောင်းဟာ တတိယအကြိမ်မြောက် အားထုတ်ခဲ့ပြီးချိန်မှာတော့ တစ်နာရီကို ၃၂.၀၂ မိုင်နှုန်းထိ ပျံသန်းနိုင်ခဲ့ပါတယ်။ ဒါဟာ ကျောပိုးဂျက် တစ်ခုနဲ့ ပျံသန်းတဲ့ ကမ္ဘာ့စံချိန်သစ် မြန်နှုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဂင်းနစ်မှတ်တမ်းမှာ နောက်ထပ် ကမ္ဘာ့စံချိန်သစ် နှစ်ခုလည်း တိုးလာပါသေးတယ်။ အမေရိကန် နိုင်ငံသား သန်းဒါးလောဟာ ဘတ်စကက်ဘော ဘောလုံးကို အမြင့်ဆုံး ဂိုးသွင်းနိုင်တဲ့ ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။ လောဟာ အမြင့် ပေ ၅၀ နဲ့ ၁ လက်မမှာ ချိတ်ဆွဲထားတဲ့ ကွင်းထဲကို ဘောလုံးဝင်အောင် ပစ်ပြခဲ့တာပါ။
 
ဒါ့အပြင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Big Apple ဆပ်ကက်အဖွဲ့က ဂီလီယာနို အနာစတက်စီနီနဲ့ ဖေဘီယို အနာစတက်စီနီတို့ ညီအစ်ကို နှစ်ဦးဟာ Risley Flipsဆိုတဲ့ နှစ်ယောက်တွဲ ဂျွမ်းဘား ပြကွက်ကို စက္ကန့်သုံးဆယ်အတွင်း အများဆုံးအဖြစ် ၃၂ ကြိမ် ပြုလုပ်ပြပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
Tuesday, November 14, 2017

Top News