ဘာသာပေါင်းစုံဆုတောင်းပွဲတွေကဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးတာမဟုတ်ဘူးလို့ဒီချုပ်တုံ့ပြန့်

Tue, 2017-11-14 15:48 -- zaythu

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက နိုင်ငံရေးအရ ဘာသာ သာသနာကို အလွဲသုံးစား လုပ်နေတာ မဟုတ် ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။

ဒါအပြင် အဲဒီဆုတောင်းပွဲတွေက ဘာသာရေးကိုအလွဲသုံးစားလုပ်နေတယ်ဆိုတဲ့ သုံးနှုန်းမှုတွေကလည်း လွဲနေတယ်လို ဦးဥာဏ်ဝင်းက ပြောပါတယ်။ မနေ့က နိုဝင်ဘာ ၁၃ရက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၂၇ ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေနဲ့ ပတ်သက်ပြီး သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီချုပ်ကဦးဆောင်ကျင်းပနေတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေက ပါတီခေါင်းဆောင်ရဲ့ပုံရိပ်ကို မြှင့်တင်ထောက်ခံမှုများ ရရှိစေမယ့် နိုင်ငံရေးဆုတောင်းပွဲသာဖြစ်တယ်လို့ မှတ်ယူဖွယ်ရာရှိနေတာကြောင့် အဲဒီ့လှုပ်ရှားမှုက နိုင်ငံရေးအရ ဘာသာ သာသနာကို အလွဲသုံးစားပြုရာရောက်တယ်လို့ သုံးသပ်ကြောင်း ကြေညာချက်မှာပါရှိပါတယ်။

ဘာသာပေါင်းစုံဆုတောင်းပွဲတွေမှာ နိုင်ငံရေးပရိယာယ်များထည့်သွင်းဆောင်ရွက်နေမှုကို ကန့်ကွက်ကြောင်း၊ ဒါ့အပြင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်နေတဲ့ နိုင်ငံရေးပါတီကိုလည်း ဥပဒေနဲ့အညီ အရေးယူရမယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

အဲဒီ့ပူးတွဲ သဘောထားကြေညာချက်ကို နိုင်ငံတော်သမ္မတရုံးနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Tuesday, November 14, 2017

Top News