ပုပ်ရဟန်မင်းကြီးရဲ့ မြန်မာခရီးစဉ် ဘာတွေထူးခြားမလဲ

Tue, 2017-11-14 17:33 -- zaythu

ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းရေးလို့ အမည်ပေးထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ရိုမန်ကက်သလစ်အသင်းတော်ရဲ့  ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို  ပထမဆုံးလာ ရောက်မယ့် ပုပ်ရဟန်းမင်းကြီးအဖြစ် မှတ်တမ်းဝင်မှာလဲ ဖြစ်ပါတယ်။ နေပြည်တော် MICC နဲ့ ရန်ကုန် ကျိုက္ကဆံကွင်းတို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အခမ်းအနားတွေမှာ ပုပ်ဟန်းမင်းကြီးအနေနဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းကို အခြေခံထားတဲ့ သတင်းစကားတွေကို ပေးဖို့ ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ရဲ့  မြန်မာနိုင်ငံခရီးစဉ်အတွက် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဖာသာရ်မာရီရာနိုစိုးနိုင်က  ပြောပါတယ်။

နိုဝင်ဘာ ၂၉ရက်နေ့မှာတော့  ရန်ကုန် ကျိုက္ကဆံကွင်းမှာ လုပ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့   လူထုတွေ့ဆုံပွဲမှာ လူနှစ်သိန်းနီးပါး တက်ရောက်ဖို့ ကတ်သလစ်ဘာသာရေးခေါင်းဆောင်တွေက ခန့်မှန်းထားကြပါတယ်။ မူလက  ဘာသာပေါင်းစုံ  ဆုတောင်းပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုတော့ အချိန်အကန့်အသတ်ကြောင့် မလုပ်ဖြစ်တော့ဖူးလို့  ဖာသာရ်မာရီရာနိုစိုးနိုင်က ပြောပြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Tuesday, November 14, 2017

Top News