ထွက်ပြေးသွားတဲ့အကြမ်းဖက်သမားတွေကိုအမြန်ဆုံးဖမ်းပေးဖို့မြန်မာက ဘင်္ဂလားဒေ့ရှ်ကိုတောင်းဆို

Tue, 2017-11-14 18:07 -- zaythu

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားတွေကို အမြန်ဆုံးဖမ်းဆီပေးဖို့ မြန်မာဘက်က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ 

ဒီကနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တရားဥပဒေစိုးမိုးရေးနဲ့  လုံခြုံရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုအစည်းအဝေးမှာ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ရဲမှူးချူပ်အောင်ဌေးမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်မှုဖြစ်စဉ်ကာလ တစ်လအတွင်း ဖော်ထုတ်ရရှိတဲ့စာရင်းအရ အကြမ်းဖက်သမား ခုနှစ်ရာ ဝန်းကျင်နဲ့ နောက်ထပ်သုံးရာကျော်အပါအဝင် စုစုပေါင်း တစ်ထောင်ကျော်ရဲ့ စာရင်းကို  ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတွေကိုသာ ဘင်္ဂလာဒေ့ရှ်နိုင်ငံအနေနဲ့ တကယ်ပူပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် မကြာခင်မှာ ဖမ်းဆီးနိုင်မယ်လို့ ယုံကြည်တယ်လို့ ရဲမှူချူပ် အောင်ဌေးမြင့်ကပြောပါတယ်။ မကြာခင်မှာလည်း မြန်မာနိုင်ငံမှာနေထိုင်ခဲ့သူများကို  ပြန်လည်လက်ခံဖို့ အတွက် မူဘောင်သဘောတူညီချက် MOU ကိုလည်းရေးထိုးသွားမှာဖြစ်ပါတယ်။

 MOU ရေးထိုးပြီးမှ စိစစ်ရေးကော်မတီဖွဲ့စည်းပြီး လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်သိန်းခန့်ရှိတယ်ဆိုတဲ့ အချက်အလက်တွေကလည်း မှားယွင်းနေတာကြောင့် စာရင်းကိုလည်းပြန်လည်စီစစ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Tuesday, November 14, 2017

Top News