တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ အင်းစိန်အကျဉ်းထောင်မှာအကျဉ်းသား သုံးဆယ်ကျော် ရှိနေ

Wed, 2017-11-15 11:04 -- zaythu
အင်းစိန် ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၃ဦးဟာ ဒီနှစ် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ဖြေဆိုခွင့်လျှောက်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
 
အင်းစိန် ဗဟိုအကျဉ်းထောင်ကို ပညာတစ်ပိုင်းတစ်စနဲ့ ရောက်ရှိလာတဲ့ အကျဉ်း သား ၃၂ ဦးနဲ့ အကျဉ်းသူတစ်ဦးတို့ဟာ ၂၀၁၈ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ၀ိဇ္ဇာဘာသာတွဲ၊ ၀ိပ္ပံဘာသာတွဲတွေနဲ့ ၀င်ရောက်ဖြေဆိုမှာဖြစ်ပါတယ်။
 
အကျဉ်းသားတွေဟာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ အင်းစိန်ဗဟို အကျဉ်းထောင်မှာရှိတဲ့ အမှတ် (၁၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ(အင်းစိန်)မှာ ဒသမတန်းတက်ရောက်နေပြီး ထောင်တွင်းမှာရှိတဲ့ အကျဉ်း သားဆရာတွေနဲ့ အင်းစိန်မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေက အထက်တန်းပြဆရာတွေက သင်ကြားပေးနေတယ်လို့ သိရပါတယ်။
 
အင်းစိန် ဗဟိုအကျဉ်းထောင်ကကျောင်းမှာ သူငယ်တန်းကနေ ဒသမတန်းအထိ တက်ရောက်နိုင်ပြီး တက်ရောက်လိုပါကအကျဉ်းမကျမီကနောက်ဆုံးအောင်မြင်ခဲ့တဲ့အခြေခံပညာအတန်းပြီးမြောက်ကြောင်းလက်မှတ်ကို အကျဉ်းဦးစီးဌာနထံတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်ကစပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသူ၊အကျဉ်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် အောင်ချက်ရာ ခိုင်နှုန်းမြင့်လာတယ်လို့သိရပါတယ်။
 
၂၀၁၆- ၂၀၁၇ပညာသင်နှစ်မှာဆိုရင် အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှာ အကျဉ်းသား ၂၇ဦးနဲ့ အကျဉ်းသူ ၁ဦး ၀င်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အကျဉ်းသား ၉ဦးအောင်မြင်ခဲ့ကာ ဂုဏ်ထူးတစ်ဘာသာပါတဲ့ ကျောင်းသားတစ်ဦးလဲ ထွက်ပေါ်ခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 
Wednesday, November 15, 2017

Top News