7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Wed, 2017-11-15 11:11 -- zaythu
၁ ။ရခိုင်က လူသားချင်းစာနာထောက်ထားမှုအစီအစဉ်တွေမှာပါဝင်ဖို့ စေတနာ့ဝန်ထမ်းတွေ ခေါ်ယူနေ
 
ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှု အစီအစဉ်တွေ ဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် စေတနာ့ဝန်ထမ်းလူငယ်တွေကိုအစိုးရကခေါ်ယူလိုက်ပါတယ်။အဲဒီလိုစေတနာ့ဝန်ထမ်းလူငယ်တွေကိုခေါ်ယူတာကို ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထာရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီရဲ့ Youth Volunteers Program ဖေ့ဘွတ်ခ်စာမျက်နှာ ကနေ အသိပေးဖော်ပြထားတာပါ။
 
UEHRD ကော်မတီ ကိုတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ အဖြစ် တာဝန်ယူထားတာပါ။စေတနာ့ဝန်ထမ်းလူငယ်တွေဟာ ပြည်သူတွေလိုအပ်တဲ့ စားနပ်ရိက္ခာကူညီထောက်ပံ့မှုအပိုင်းမှာ ကူညီ ပေးရမှာဖြစ်ပြီး အချက်အလက်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေမှာလဲ ပါဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီ့အစီအစဉ်ကို အခုလ နိုဝင်ဘာ၉ရက်နေ့မှာ စတင်မှာဖြစ်ပြီး အစီအစဉ်မစခင်မှာ စေတနာ့ဝန်ထမ်း လူငယ်တွေကို သင်တန်းပေးသွားမယ်လို့လည်းသိရပါတယ်။စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လိုတဲ့ လူငယ်တွေရဲ့ အသက်သတ်မှတ်ချက်ကတော့ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်းဖြစ်ပါတယ်။
 
လက်ရှိမှာတော့ စေတနာဝန်ထမ်းအဖြစ် စာရင်းပေးထားမှုအရ ပထမအဖွဲ့အတွက် စာရင်းပြည့်သွားပြီ ဖြစ်ပြီးဒုတိယနဲ့တတိယအဖွဲ့တွေအတွက်ထပ်မံခေါ်ယူသွားမယ်လို့သိရပါတယ်။နောက်ထပ်စာရင်းပေးသွင်းလိုတဲ့ လူငယ်တွေအနေနဲ့ UEHRD¬¬¬¬-Youth Volunteers Program ဖေ့ဘွတ်ခ်စာမျက်နှာ ဝင်ရောက်ကြည့်ရှုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။
 
စေတနာ့ဝန်ထမ်းလူငယ်တွေအတွက် လုံခြုံရေးကိုလည်းပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပြီး သူတို့အတွက်အုပ်ချုပ်ထောက်ပံ့မှုအစီစဉ်တွေလည်းဆောင်ရွက်ပေးသွားမှာပါ။ပြည်သူ့အတွက်လူငယ့်ရက်(၂၀) ဆောင်ပုဒ်နဲ့ဆောင်ရွက်မှာဖြစ်ပြီး ရက်၂၀ပြည့်တိုင်းအဖွဲ့တွေ လဲလှယ်ပြီး လုပ်ငန်းတွေ လုပ်သွားမယ် လို့သိရပါတယ်။
 
၂ ။ ဗိုလ်ချုပ်ရုပ်ထု ကို ပုံစံငါးမျိုးလောက် ထားရှိ ဖို့အတွက် သီတဂူဆရာတော်မိန့်ကြား
 
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေကို ပုံစံငါးမျိုးလောက် နိုင်ငံတော်ကလုပ်သင့်တယ်လို့ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရကတိုက်တွန်းလိုက်ပါတယ်။
 
ဒီကနေ့ နိုဝင်ဘာ၅ရက် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ပန္နတင် အခမ်းအနားမှာ မိန့်ကြားလိုက်တာပါ။
 
ကျောင်းသားခေါင်းဆောင် ဘဝက ရုပ်ထုတစ်ခု ၊ နိုင်ငံရေးသမားဘဝက ရုပ်ထုတစ်ခု ၊ ဂျပန်ပြည်ကို စစ်ပညာသွားသင်ချိန်က ရုပ်ထုတစ်ခု ၊ တပ်မတော်ကို စတင်ဖွဲ့စည်းတဲ့ တပ်မတော်ခေါင်းဆောင်ရုပ်ထု တစ်ခု၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ ခေါင်းဆောင် ရုပ်ထု ဆိုပြီး ရုပ်ထု ငါးမျိုးလောက် ကို နိုင်ငံတော်က လုပ်ဖို့ ကောင်းကြောင်းနဲ့ လုပ်ကြဖို့ အတွက်ကို လည်းသီတဂူ ဆရာ တော်က မိန့်ခဲ့တာပါ။
 
အဲဒီလိုတိုက်တွန်းရတာက မြန်မာပြည်မှာရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေက စစ်ဝတ်စုံနဲ့ ထုတာ သိပ်များနေတာကြောင့်ဖြစ်တယ်လို့လည်း သီတဂူဆရာတော်ကြီးက မိန့်ကြားပါတယ်။
 
ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်က ကြေးပိသာချိန်သုံးရာရှိပြီး အမြင့်ကိုးပေရှိတယ်လို့သိရပါတယ်။
 
အဲဒီ့ရုပ်ထုကို ဘေလီတံတားအဆင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ထားရှိမှာဖြစ်ပြီး လာမယ့် ၂၀၁၈ဖေဖော်ဝါရီလ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
 
၃ ။ အနည်းဆုံးလုပ်ခနှုန်းထားသတ်မှတ်ဖို့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ ဒီဇင်ဘာမှာ ပြုလုပ်မယ်
 
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် သတ်မှတ်နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလ မှာ အလုပ် ရှင် ၊ အလုပ်သမား ၊ အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံမယ့် ဆွေးနွေးပွဲကို ကျင်းပမယ်လို့သိရပါတယ်။
လက်ရှိ အချိန်မှာတော့ အစိုးရ က ဖွဲ့ပေးထားတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့က တိုင်းနဲ့ ပြည်နယ်အချို့မှာ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
အဲဒီလို တွေ့ဆုံပွဲတွေ ပြီးရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံပွဲတစ်ခုကို လုပ်ဆောင်မှာလို့
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
 
ဒါပေမယ့် တွေ့ဆုံပွဲကျင်းပမယ့် နေရာကိုတော့ အတိအကျ မရွေးရသေးလို့ သိရပါတယ်။
မနေ့က ရန်ကုန်မြို့မှာတော့ အစိုးရ ကိုယ်စားလှယ်တွေက အလုပ်သမားအဖွဲ့အစည်းတွေ အပြင် အလုပ် ရှင်တွေနဲ့ ပါ တရက်တည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုမှာတော့ အလုပ်သမားအဖွဲ့အစည်းတွေက တရက်ကို အနည်းဆုံးလုပ်ခ ငါးထောင် ခြောက်ရာအထက် ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
အလုပ်ရှင်တွေကတော့ အနည်းဆုံးအခကြေးငွေ နှုန်းထားကို လက်ရှိ သတ်မှတ်ထားတဲ့ နှုန်းထား ဖြစ်တဲ့ သုံးထောင့်ခြောက်ရာကျပ်ရဲ့ ဆယ်ရာခိုင်နှုန်း ထပ်တိုးမြှင့်ဖို့ တင်ပြတာတွေ ရှိတယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာလ ၄ ရက်နေ့မှာ အစိုးရ ကိုယ်စားလှယ်တွေက မြောက်ဒဂုံ အလုပ်သမားအတက်သင်တန်းကျောင်းမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ တော့ UMFCCI ရုံးချုပ်မှာ အလုပ်ရှင်အချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
 
၎ ။ ပဲခူးမှာ လူသတ်ပြီး နေအိမ်ကို မီးရှို့မှု ဖြစ်ပွား
 
ပဲခူးမြို့နယ် ၊ ဘုရားကြီးနယ်မြေ ၊ တောင်ဆတ် အင်းကျေးရွာမှာ လူသတ်ပြီး တဲအိမ်ကို မီးရှို့ မှု တစ်ခု ဒီကနေ့ မနက်အစောပိုင်း တစ်နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
အသတ်ခံရတဲ့သူဟာ အသက် ၄၅ နှစ်အရွယ် ရှိသူဖြစ်ပြီး လင်မယားချင်းစကားများနေတာ ကို ဝင်ဖျန်ဖြေရာ ယောင်္ကျား ဖြစ်သူ က ဓားနဲ့ ခုတ်သွားတာလို့ ပဲခူးတိုင်းဒေသကြီး ဒုတိယ တိုင်းရဲ တပ်ဖွဲ့မှူး ၊ဒုတိယ ရဲမှူး ကြီး ခင်ကျော်က ပါတယ်။
 
ဓားနဲ့ ခုတ်တဲ့သူဟာ လက်နက်ကိုင် ဆောင်မှုနဲ့ ထောင်ကျပြီး ထွက်လာသူဖြစ်ကာ ဓားနဲ့ ခုတ်ပြီးတဲ့ နောက်မှာ သူပိုင်တဲ့ တဲအိမ်ကို မီးရှို့ပြီး ထွက်ပြေးသွားတယ်လို့ ဘုရားကြီး မီးသတ်တပ်ဖွဲ့က တပ်ခွဲမှူး က ဆိုပါတယ်။
 
အဲဒီလို ဓားနဲ့ခုတ်တဲ့သူကိုတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(လူသတ်မှု)/ပုဒ်မ ၄၃၆(မီးရှို့ဖျက်ဆီးမှု)တို့နဲ့ ဘုရားကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
 
၅။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ လွတ်လပ်မှုကို ကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ ဂျပန်မှာ ထရမ့်မိန့်ခွန်းပြော
 
ဂျပန်နိုင်ငံကို အလည်အပတ် ခရီးစဉ် ဆိုက်ရောက်လာပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ လွတ်လပ်မှုကို ကာကွယ်ဖို့ အသင့် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
 
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ရည်မှန်းချက်တွေကြောင့် အရှေ့အာရှ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထရမ့်က အာရှ ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်မှာတော့ ဂျပန်ကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာခဲ့ပြီး တိုကျိုမြို့တော် အနောက်ဘက်က ယိုကိုတာ လေတပ်စခန်းမှာ ဂျပန်နဲ့ အမေရိကန် စစ်သည်တွေကို ထရမ့်က မိန့်ခွန်းပြောခဲ့တာပါ။
 
ထရမ့်က အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ လွတ်လပ်မှု တန်ဖိုးကို အစွမ်းကုန် ကာကွယ်သွားမှာဖြစ်ကြောင်း၊ ဘယ်လိုအစိုးရ၊ ဘယ်လိုအာဏာရှင်မျိုးမှ အမေရိကန်ကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း မြောက်ကိုရီးယားကို ရည်ရွယ်ပြီး သတိပေးသွားခဲ့ပါတယ်။
 
အဲဒီနောက်မှာတော့ ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ နေ့လယ်စာအတူ သုံးဆောင်ခဲ့သလို နိုင်ငံခေါင်းဆောင်နှစ်ဦး အတူတကွ ဂေါက်ရိုက်ခဲ့ကြပါသေးတယ်။
 
ထရမ့်ဟာ အရှေ့အာရှ ဒေသကို ၁၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုပါ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
Wednesday, November 15, 2017

Top News