7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Mon, 2017-11-20 19:09 -- zaythu

 (၁) ဝန်ကြီးဌာနနှစ်ခု ထပ်တိုးပြီး ဝန်ကြီးနှစ်ဦးခန့်အပ်ဖို့ သမ္မတ လွှတ်တော်ကိုတင်ပြ

ဝန်ကြီးဌာန နှစ်ခု ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားဖို့နဲ့ အဲဒီဝန်ကြီးဌာနမှာ တာဝန်ယူမယ့် ဝန်ကြီးနှစ်ဦး ခန့်အပ်မယ့်အရေး ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက တင်ပြလိုက်ပါတယ်။

အဲဒီလို ထပ်မံဖွဲ့စည်းမယ့် ဝန်ကြီးဌာနနှစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနဲ့ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအတွက်ကိုတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက တာဝန်ယူမှာပါ။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို လက်ရှိ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင့်က တာဝန်ယူမှာ ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးနေရာမှာ ဘယ်သူကို ထပ်မံခန့်အပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ ယခင်အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခု ရှိရာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာချိန်မှာတော့ ဝန်ကြီးဌာန အရေအတွက်ကို လျော့ချခဲ့ကာ ဝန်ကြီးဌာန ၂၂ ခုနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

အခု ထပ်မံတိုးချဲ့မယ့် ဝန်ကြီးဌာန နှစ်ခုပါ ရှိလာပါက ဝန်ကြီးဌာန ၂၄ ခုရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝန်ကြီးဌာန ၂၂ ခုအတွက် ဝန်ကြီးနဲ့ ဒုဝန်ကြီး အရေအတွက် ၃၅ ဦးရှိနေတယ်လို့ သိရပါတယ်။

(၂) ဝန်ကြီးဟောင်း ဦးအောင်ကြည် အဂတိတိုက်ဖျက်မှု ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ယူမယ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ဝင်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းမယ့် အကြောင်းနဲ့ ဥက္ကဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ခန့်အပ်လိုတယ်လို့ သမ္မတက လွှတ်တော်ကို တင်ပြလိုက်ပါတယ်။

ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့် အဖွဲ့ ၁၂ ဦးရဲ့ အမည်စာရင်းကို သမ္မတက ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၂ ဦးကိုတော့ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က လေးဦးစီ ရွေးချယ်ထားတာဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့လို ဌာနတွေက အငြိမ်းစားအရာရှိတွေ ပါဝင်နေပါတယ်။

အဲဒီအဖွဲ့ဝင် ၁၂ ဦးထဲကနေ ဦးအောင်ကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌအဖြစ်ခန့် အပ်လိုတဲ့အကြောင်း သမ္မတက လွှတ်တော်ကိုတင်ပြထားတာပါ။

ဦးအောင်ကြည်ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာတော့ ပြန်ကြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိဆန္ဒသဘောအရ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။

ဒါ့အပြင် တပ်မတော်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေတဲ့ အချိန် အတွင်း တပ်မတော် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

(၃) ဖူးစုံ ရောင်တော်ဖွင့်ခဲ့တဲ့ ရုပ်ပွားတော်တွေနဲ့ ပတ်သက်လို့ ရှေးဟောင်းဘက်က ရှင်းပြ

သရုပ်ဆောင် ဖူးစုံ ရောင်တော်ဖွင့်ခဲ့တဲ့ ပြဿကြီး ဘုရားရှိ ရုပ်ပွားတော် လေးဆူနဲ့ပတ်သက်လို့ သတ်မှတ်စည်းကမ်းချက်တွေ အတိုင်း စိစစ်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

ဖူးစုံက ရောင်တော်ဖွင့်ခဲ့တဲ့ ရုပ်ပွားတော်ပုံတင်ခဲ့တဲ့နောက် ဖေ့ဘုတ်စာမျက်နှာတွေမှာ ရှေးဟောင်းလက်ရာတွေ အတိုင်း မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုရောင်တော်ဖွင့်ခဲ့တဲ့ အတွက် ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ ထိခိုက်မှုတွေ မရှိနိုင်တဲ့ အကြောင်းနဲ့ ထိန်းသိမ်းဆောင်ရွက်တဲ့ လုပ်ငန်းတွေ ရှိနေတာမို့ စိတ်မပူပန်ဖို့ ပြောပါတယ်။

သရုပ်ဆောင် ဖူးစုံ အနေနဲ့လည်း ဒီလိုဘုရားရောင်တော်ဖွင့် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာနကို အဆင့်ဆင့် တင်ပြပြီးမှ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့ကြောင်းကို အသိပေး ပြောကြားထားတာ တွေ့ရပါတယ်။

(၄) ဗြိတိန် ဘုရင်မကြီး ဇနီးမောင်နှံရဲ့ နှစ် ၇၀ ပြည့် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား ကျင်းပ

ဗြိတိန်နိုင်ငံရဲ့ အဲလိဇဘက်သ် ဘုရင်မကြီးနဲ့ ခင်ပွန်းသည် မင်းသားကြီး ဖိလစ်တို့ရဲ့ နှစ် ၇၀ ပြည့် ပလက်တီနမ်ရတု မင်္ဂလာ နှစ်ပတ်လည်နေ့ကို နိုဝင်ဘာ ၂၀ မှာ ဆင်နွှဲခဲ့ပါတယ်။ တော်ဝင် ဇနီးမောင်နှံဟာ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ၂ နှစ်အကြာ၊ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ လန်ဒန်မြို့က ဝက်စ်မင်နစ်စတာ ဘုရားကျောင်းမှာ ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

နှစ် ၇၀ ပြည့် မင်္ဂလာ နှစ်ပတ်လည်ကိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခမ်းခမ်းနားနား ကျင်းပတာမျိုး မရှိဘဲ တော်ဝင်မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုသာ ဖိတ်ကြားခဲ့ပါတယ်။ အဲလိဇဘက်သ် ဘုရင်မကြီးက အခုအခါမှာ အသက် ၉၁ နှစ် ရှိနေပြီး မင်းသားကြီး ဖိလစ်ကတော့ အသက် ၉၆ နှစ် ဖြစ်ပါတယ်။

အသက်အရွယ်ကြောင့် မင်းသားကြီး ဖိလစ်ဟာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကနေ ဩဂုတ်လ အတွင်းမှာ အပြီးတိုင် အနားယူခဲ့ပါတယ်။ ပလက်တီနမ်ရတု မင်္ဂလာနှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘုရင်မကြီးတို့ ထိမ်းမြား လက်ထပ်ခဲ့ရာ ဝက်စ်မင်နစ်စတာ ဘုရားကျောင်းမှာ ခေါင်းလောင်းတွေထိုးပြီး ကောင်းချီးပေးခဲ့ပါတယ်။

ဘုရင်မကြီးရဲ့ နန်းတက် သရဖူ အပ်နှံမှု အခမ်းအနားကိုလည်း အဲဒီ ဘုရားကျောင်းမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တော်ဝင် ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးဟာ အဖုအထစ်တွေ၊ ပြဿနာတွေ ရှိခဲ့ပေမယ့် နှစ် ၇၀ ကြာ ကြံ့ကြံ့ခံ တည်တံ့ခဲ့ပါတယ်။

မင်းသားကြီး ဖိလစ်ဟာ ဇနီးဖြစ်သူရဲ့ နောက်ကွယ်မှာ ရပ်တည်နေရတဲ့ အခြေအနေကို လက်ခံပေးခဲ့သလို ဖိလစ်ရဲ့ လူမှုရေး ပြဿနာ တချို့ကိုလည်း အဲလိဇဘက်သ်က နားလည် ခွင့်လွှတ်ပေးခဲ့လို့ အိမ်ထောင်ရေး ခိုင်မာ သက်တမ်းရှည်နေခဲ့တာ ဖြစ်ပါတယ်။ 

Monday, November 20, 2017

Top News