ပုပ်ရဟန်းမင်းကြီး နဲ့ လူထုတွေ့ဆုံပွဲလုပ်မယ့် ကျိုက္ကဆံကွင်းမှာ ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

Thu, 2017-11-23 16:48 -- zaythu
ရန်ကုန်ကျိုက္ကဆံကွင်း မှာ ကျင်းပမယ့် ပုပ်ရဟန်းမင်းကြီး နဲ့ ရိုမန်ကတ်သလစ်ဘာသာဝင်တွေ ရဲ့ တွေ့ဆုံပွဲအတွက် ပြင်ဆင်မှုဟာ ၈၀ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ သိရပါတယ်။
 
ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းရေးလို့ အမည်ပေးထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးနဲ့ လူထုတွေ့ဆုံပွဲကို ရန်ကုန်မြို့က ကျိုက္ကဆံကွင်းမှာ နိုဝင်ဘာလ ၂၉ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး လူနှစ်သိန်းနီးပါး တက်ရောက်ဖို့ မျှော်မှန်းထားပါတယ်။
 
ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ပထမဆုံးလာ ရောက်မယ့် ပုပ်ရဟန်းမင်းကြီးအဖြစ် မှတ်တမ်းဝင်မှာလဲ ဖြစ်ပါတယ်။
 
နေပြည်တော် MICC နဲ့ ရန်ကုန် ကျိုက္ကဆံကွင်းတို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အခမ်းအနားတွေမှာ ပုပ်ဟန်းမင်းကြီးအနေနဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းကို အခြေခံထားတဲ့ သတင်းစကားတွေကို ပေးဖို့ ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွက် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဖာသာရ်မာရီရာနိုစိုးနိုင်က ပြောပါတယ်။
 
ပုပ်ရဟန်းမင်းကြီး ဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။
 
ရုပ်သံမြတ်သီဟမောင်
 
Thursday, November 23, 2017

Top News