အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှု အပြီးသတ်လျှောက်လဲချက် တင်သွင်းဖို့ပျက်ကွက်

Thu, 2017-11-23 17:57 -- zaythu
အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုနဲ့ တရာစွဲခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုအမှု ကိုဒီကနေ့မှာ အပြီးသတ်လျှောက်လဲချက် ကြားနာဖို့ ရှိပေမယ့် တရားစွဲခံသူတွေဘက်က လျှောက်လဲချက်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
 
တရားစွဲခံထားရတဲ့ မိသားစုဝင်ခြောက်ဦးမှာ တင်မင်းလတ်အပါအဝင် ၊ မိဘ နှစ်ဦးဖြစ်တဲ့ ဒေါ်တင်သူဇာနဲ့ ဦးကိုလတ် တို့ သုံး ဦး က လျှောက်လဲချက်ပေးဖို့ ပျက်ကွက်ခဲ့တာပါ။အဲဒီသုံးဦးအတွက် အမှုလိုက်ရှေ့နေ မရှိတော့တာကြောင့် လျှောက်လဲချက်ကို တင်မင်းလတ်ကိုယ်တိုင်ရေးနေတာလို့သိရပါတယ်။
 
ကျန်တဲ့ မိသားစုဝင်တွေဖြစ်တဲ့ စုမွန်လတ်၊သီရိလတ်နဲ့ ရာဇာထွန်းတို့ ရှေ့နေတွေက သူတို့အမှုသည်တွေအတွက် လျှောက်လဲချက်ကို တရားရုံးကို တင်သွင်းပေမယ့် ကျန်တဲ့သူတွေနဲ့ အမှုတွဲဖြစ်တဲ့ အတွက် လျှောက်လဲချက်ကို ခွဲပြီး ကြားနာလို့မရတဲ့အကြောင်း တရားသူကြီးက ပြောပါတယ်။
 
တင်မင်းလတ်တို့ ဘက်က လျှောက်လဲချက်ကို နိုဝင်ဘာ လ ၁၈ ရက်ကတည်း က ရေးသားပြီးပေမယ့် ထောင်မှူး ရဲ့ လက်မှတ်မရသေးတာကြောင့် ဒီကနေ့ ရုံးတော်ကို မတင်ပြနိုင်သေးတာ လို့ တရားသူကြီးကို တင်ပြခဲ့တာပါ။
 
အင်းဝမိသားစုဝင်ခြောက် ဦးမှာ ဒေါ်တင်သူဇာ၊ ကိုတင်မင်းလတ် ၊မစုမွန်လတ်နဲ့ ကိုရာဇာထွန်းတို့ကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ၂၄/၂၉၊ အပြင်းအထန်နာကျင်စေမှု၊ ချုပ် နှောင်ထားမှုအတွက် ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅/၃၄၄ စုစု ပေါင်းပုဒ်မသုံးခုဖြင့် စွဲချက်တင် ထားတာပါ။
 
သမီးကြီးဖြစ်သူ သီရိ လတ်နဲ့ဖခင်ဖြစ်သူ ဦးကိုလတ်ကို တော့ လူကုန်ကူးမှု ၊ ကလေးသူငယ်ဆိုင်ရာဥပဒေပုဒ်မ ၊ အပြင်းအထန်နာကျင်စေမှု ၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၂၄/၂၉/ ၃၂ နှင့် အပြင်းအထန်နာကျင်စေ မှု၌ အားပေးအားမြှောက်ပြုမှု၊ ပူး ပေါင်းကြံစည်မှုပုဒ်မ ၃၂၅/၁၄၄ စုစုပေါင်း ပုဒ်မနှစ်ခုနဲ့စွဲချက်တင်ထားတာဖြစ်ပါတယ်။
 
အင်းဝအပ်ချုပ်ဆိုင်မိသားစု ရဲ့ အမှုကို စစ်ဆေးနေတာ ၁ နှစ်ကျော်ကြာမြင့်နေပြီလဲဖြစ်ပြီး ဒီကနေ့မှာ အပြီးသတ် လျှောက်လဲချက်ကို မတင်ပြနိုင်တာကြောင့် လာမယ့်ဒီဇင်ဘာလ ၁ ရက်ကို ထပ်မံချိန်းဆိုထားတယ်လို့သိရပါတယ်။
 
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ
Thursday, November 23, 2017

Top News