ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးခဲ့တဲ့အစီအစဉ်ကို ပြန်သုံးသပ်ဖို့ အစည်းအဝေးလုပ်မယ်

Sat, 2017-12-02 15:19 -- zaythu
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးခဲ့တဲ့ လုပ်ငန်းစဉ်အားလုံးကို ပြန်လည်သုံးသပ်မယ့် အစည်းအဝေးကို မနက်ဖြန် နိုဝင်ဘာ(၂၇)ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
 
ဒီအစည်းအဝေးကနေ ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်လည်သုံးသပ်ကာ ဒီဇင်ဘာမှာ လုပ်မယ့်ကာကွယ်ဆေးထိုးအစီအစဉ်ကို ပိုဘေးကင်းပြီးအောင်မြင်အောင်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
 
တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေမှာ ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်နဲ့ နိုဝင်ဘာလ(၁၅)ရက်ကနေ နိုဝင်ဘာလ(၂၃)ရက်အထိကလေးငယ် (၈.၆)သန်းကို ထိုးနှံပေးဖို့ ရည်မှန်းခဲ့ရာ ကလေးငယ် ရှစ်သန်းတစ်သိန်းကျော်ကို ထိုးနှံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Saturday, December 2, 2017