7Day TV ရဲ့ည၇နာရီတိုက်ရိုက်သတင်းထုတ်လွှင့်မှု 7PM News

Sat, 2017-12-02 15:21 -- zaythu
(၁) ပုပ်ရဟန်းမင်းကြီးကို လေဆိပ်နဲ့ ပြည်လမ်းတစ်လျှောက်မှာ ကြိုဆိုဖို့ စီစဉ်ထား
 
မနက်ဖြန် မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို ပြည်လမ်းတလျှောက် နဲ့ လေဆိပ်မှာ စုရပ်နေရာ တွေ နဲ့ ကြိုဆိုနှုတ်ဆက်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၆ရက် မနက်ပိုင်းက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်မှာ လုပ်ခဲ့ပြီး ၄ရက်ကြာ ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာပါ။
လေဆိပ်အပါအဝင် ၉မိုင်၊ ၇မိုင်၊ တံတားဖြူ၊ ရန်ကုန်တိုင်းလွှတ်တော် ရှေ့နဲ့ HItachiတာဝါတို့မှာ ကြိုဆိုရေးတွေ စီစဉ်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဖာသာရ်မာရီရာနိုစိုးနိုင်က ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး နိုဝင်ဘာ၂၈ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့ နဲ့ တွေ့ဆုံမှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုဝင်ဘာ ၃၀ရက်နေ့မှာ တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လူထုတွေ့ဆုံပွဲကိုတော့ နိုဝင်ဘာ ၂၉မှာ ရန်ကုန်ကျိုက္ကဆံကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ရဲ့ တွေ့ဆုံပွဲကို တက်ရောက်ဖို့အတွက် ကတ်သလစ်ဘာသာဝင်တွေဟာ ရန်ကုန်မြို့ကို ရောက်နေကြပြီဖြစ်ပြီး တက်ရောက်မယ့် ရိုမန်ကက် သလစ်ဘာသာဝင်အရအတွက်ဟာ နိုဝင်ဘာ ၂၅ ရက်ထိ စာရင်းတွေအရ တစ်သိန်းခန့်ရှိနေတယ်လို့ သိရပါတယ်။
 
(၂) ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးခဲ့တဲ့အစီအစဉ်ကို ပြန်သုံးသပ်ဖို့ အစည်းအဝေးလုပ်မယ်
 
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးခဲ့တဲ့ လုပ်ငန်းစဉ်အားလုံးကို ပြန်လည်သုံးသပ်မယ့် အစည်းအဝေးကို မနက်ဖြန် နိုဝင်ဘာ(၂၇)ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်လည်သုံးသပ်ကာ ဒီဇင်ဘာမှာ လုပ်မယ့်ကာကွယ်ဆေးထိုးအစီအစဉ်ကို ပိုဘေးကင်းပြီးအောင်မြင်အောင်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်နဲ့ နိုဝင်ဘာလ(၁၅)ရက်ကနေ နိုဝင်ဘာလ(၂၃)ရက်အထိ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေမှာ ကလေးငယ် ရှစ် ဒသမ တစ်သန်းကျော်ကို ထိုးနှံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအခြေပြုကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပြီးနောက် သေဆုံးတဲ့ ကလေးငယ် ၃ဦးရှိပြီး အဲ့ဒီကလေးငယ်တွေဟာ ကာကွယ်ဆေးနဲ့သက်ဆိုင်ခြင်းမရှိဘဲ မူလရောဂါအခံတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် စိတ်လှုပ်ရှားတာ၊မူးဝေတာ၊အန်တာ၊ဖျားနာတာ စတဲ့ နောက်ဆက်တွဲသာမာန်လက္ခဏာတွေဖြစ်ပွားတာကြောင့်ဆေးရုံတက်ရတဲ့ ကလေးငယ် ၁၂၉ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအခြေပြု အစီအစဉ်ပြီးရင် ဒုတိယအစီအစဉ်အနေနဲ့ ဒီဇင်ဘာ (၁၁)ရက်ကနေ ဒီဇင်ဘာ(၂၀)ရက်အထိ အသက် ၉ လကနေ ၅နှစ်အရွယ်ကလေးငယ်တွေ၊ပထမအကြိမ်ဆေးထိုးတုန်းက ကျန်ခဲ့တဲ့ ကျောင်းနေအရွယ်ကလေးတွေနဲ့ ကျောင်းမနေတဲ့ကလေးတွေကို ပြည်သူလူထုအခြေပြုအနေနဲ့ ကျန်းမာရေးဌာနဆေးခန်းတွေနဲ့ ရပ်ကွက်ကျေးရွာစုရပ်တွေမှာ ထိုးပေးသွားမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်လုပ်မယ့် အစီအစဉ်ကို ပိုမိုစိတ်ချရတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဖြစ်စေဖို့ ကာကွယ်ဆေးမထိုးမီ ကာကွယ်ဆေးမထိုးသင့်တဲ့ အခြေအနေနဲ့ လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးတာ၊ ကာကွယ်ဆေး မထိုးသင့်တဲ့
အခြေအနေတွေကို မိဘတွေ သိရှိဖို့ ကာကွယ်ဆေးထိုးစုရပ်တိုင်းမှာ ဗီနိုင်း၊ပိုစတာတွေကို ချိတ်ဆွဲပေးတာ၊ အမေးအဖြေကဏ္ဍတွေကို ပိုမိုကျယ်ပြန့်စွာ အသိပေးထုတ်ပြန်တာ၊ကာကွယ်ဆေးထိုးပြီး တစ်နာရီ စောင့်ကြည့်တာ၊
နောက်ဆက်တွဲလက္ခဏာတွေ ပေါ်ပေါက်ရင် ဆရာဝန်၊ ဆရာမထံ ချက်ချင်းပြသဖို့ အသိပေးတာ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(၃) မြို့ပြအမွေအနှစ်အထိမ်းအမှတ် ကမ္ဗည်းပြားတွေ နာမည်ကြီးကျောင်းတွေမှာပါ တပ်မယ်
 
ရန်ကုန်မြို့က နာမည်ကြီးကျောင်းတွေနဲ့ အထင်ကရလမ်းတွေမှာ ရန်ကုန်မြို့ပြအမွေအနှစ် အထိမ်းအမှတ်အပြာရောင်ကမ္ဗည်းပြားတွေ ဆက်လက်တပ်ဆင်သွားဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။
ကမ္ဗည်းပြားတွေကတဆင့်
ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းတွေကို အသက်အရွယ်မရွေး နယ်ပယ်စုံက ပြည်သူတွေ လေ့လာနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဗည်းပြားတွေတပ်ဆင်တဲ့အစီအစဉ်ကို ၂၀၁၄ခုနှစ်မှာ စတင်ခဲ့တာပါ။
 
ရန်ကုန်မြို့မှာရှိတဲ့ အထင်ကရနေရာတွေမှာ ကမ္ဗည်းပြားတွေ တပ်ဆင်တဲ့အစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ Royal Philips Corporation တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ကမ္ဗည်းပြားတွေတပ်ဆင်နိုင်ဖို့ သမိုင်းကြောင်းဆိုင်ရာ လေ့လာတဲ့လုပ်ငန်းတွေ၊ ကမ္ဗည်းပြားတွေထုတ်လုပ်တာနဲ့ တပ်ဆင်တဲ့လုပ်ငန်းတွေအတွက် Royal Philips Corporationက အမေရိကန်ဒေါ်လာ ၇၅၀၀၀ ထောက်ပံ့ပေးထားတယ်လို့သိရပါတယ်။
 
ဒဂုံ ၁ နဲ့ မြို့မကျောင်းတွေလို ကျောင်းတွေ၊ မြို့ထဲက အစိုးရရုံးအဆောက်အဦးကြီးတွေနဲ့ ဗိုလ်အောင်ကျော်လမ်းလို လမ်းမျိုးတွေမှာ ကမ္ဗည်းပြားတွေ တပ်ဆင်သွားဖို့ ရှိတယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။
ခုလက်ရှိအချိန်ထိ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ဗည်းပြားပေါင်း အခု(၂၀)ကိုတပ်ဆင်ခဲ့ပြီးဖြစ်ပါတယ်။
ပထမဆုံး ရန်ကုန်မြို့ပြအမွေအနှစ် အထိမ်းအမှတ်အပြာရောင်ကမ္ဗည်းပြားကို မြို့တော်ခန်းမအဆောက်အဦးမှာ ၂၀၁၄ခုနှစ်ကစတင်တပ်ဆင်ခဲ့တာဖြစ်ပြီး ၂၀ခုမြောက်ကမ္ဗည်းပြားကိုတော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံမှာ ဒီလ ၂၄ရက်က တပ်ဆင်ခဲ့တာဖြစ်ပါတယ်။
 
(၄) အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ပီရူးမှာ အမျိုးသမီးတွေ ချီတက်ဆန္ဒပြ
 
ပီရူးနိုင်ငံမှာ အမျိုးသမီးတွေ အသတ်ခံရမှု၊ လိင်အကြမ်းဖက်ခံရမှုတွေ မြင့်တက်လာတဲ့အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ မြို့တော်လီမာမှာ အမျိုးသမီးတွေ ဆန္ဒပြခဲ့ပါတယ်။
ထောင်သောင်းချီ များပြားတဲ့ အမျိုးသမီးတွေဟာ လီမာမြို့ လမ်းမတွေပေါ်မှာ Not One Moreလို့ နာမည်ပေးထားတဲ့ အစီအစဉ်အတွက် စုရုံး ချီတက်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကား အသုံးချခံတွေ မဟုတ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သလို အာဏာပိုင်တွေ အနေနဲ့ အမျိုးသမီးတွေကို ရာဇဝတ်သားတွေ ပစ်မှတ်ခံရမှုကနေ ပိုမို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Not One More လှုပ်ရှားမှုကို နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပီရူးသမ္မတ မာစီဒီးစ် အေရော့ဇ်ကိုယ်တိုင် ပါဝင်ခဲ့ပြီး အမျိုးသမီးတွေအပေါ် ကြမ်းကြုတ် ရက်စက်မှုတွေ ဆုံးခန်းတိုင်မယ့် အချိန်ရောက်သင့်ပြီလို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ပီရူး အမျိုးသမီးနဲ့ အားနည်းသူ လူတန်းစားဆိုင်ရာ ဌာနက ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရဲ့ အမျိုးသမီး ၁၀ ဦးမှာ ၇ ဦးက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားနှိမ့်ချမှုတွေ ခံစားရဖူးတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပီရူးလူဦးရေ ၇၈ ရာခိုင်နှုန်းဟာ လိင်ပိုင်းဆိုင်ရာ ခွဲခြားသတ်မှတ်မှု ကြီးမားတဲ့ အမြင်မျိုး ရှိနေဆဲလို့လည်း သိရပါတယ်။
Saturday, December 2, 2017