7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Thu, 2017-12-07 09:55 -- zaythu
၁။ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ပုပ်ရဟန်းမင်းကြီး သုံးနှုန်း
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို သုံးနှုန်း ပြောဆိုသွားခဲ့ပါတယ်။
 
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းကတော့ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တဲ့ အသုံးအနှုန်းကို သတိကြီးကြီး ရှောင်ရှားသွားခဲ့ပါတယ်။
 
ဒီဇင်ဘာ ၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ ဘင်္ဂါလီ ဒုက္ခသည် ၁၆ ဦးနဲ့ တွေ့ဆုံချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးက အဲဒီ ဝေါဟာရအတိုင်း သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးအနေနဲ့ အငြင်းပွားစရာ အသုံးအနှုန်းကို မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရှောင်ရှား ခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းအချို့ရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။
 
ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂါလီတွေနဲ့ မတွေ့ဆုံခင်က ဒါကာမြို့မှာ ဆုတောင်းပွဲတစ်ရပ် ပြုလုပ် ကျင်းပခဲ့ပြီး လူပေါင်း သိန်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
ဘင်္ဂလားဒေ့ရှ်မှာ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေက လူနည်းစုအဖြစ် အရေအတွက် သုံးသိန်းခွဲ လောက်သာ ရှိပါတယ်။
 
ဒါဟာ နိုင်ငံလူဦးရေရဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်းလောက်သာ ဖြစ်ကြောင်းလည်း သိရပါတယ်။
 
၂။ ၈၈ ငြိမ်းပွင့်ကနေနှုတ်ထွက်လိုက်တဲ့ အကြောင်းအရင်းကို ဦးမြအေးပြောပြ
 
၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကနေ နှုတ်ထွက်လိုက်တာဟာ အဖွဲ့ဝင်တွေကြားမှာ သဘောထားကွဲလွဲချက်တွေရှိလို့နှုတ်ထွက်ရတာမဟုတ်ဘူးလို့ ဦးမြအေးက ပြောလိုက်ပါတယ်။
 
ဦးမြအေးဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်က နှုတ်ထွက်လိုက်တာပါ။
 
အဲဒီလိုနှုတ်ထွက်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်လာချိန်မှာတော့ ဘာကြောင့်နှုတ်ထွက်လိုက်ရ တယ်ဆိုတဲ့အကြောင်းရင်းကို ဦးမြအေးက ထုတ်ဖော်ပြောကြားတာမရှိပါဘူး။
 
ဒီကနေ့ 7DAY TV နဲ့သီးသန့်တွေ့ဆုံမှုမှာတော့ ၈၈ ငြိမ်းပွင့်ကနေ ထွက်လိုက်တာဟာ ကိုယ်တိုင်ဆောင်ရွက် လိုတဲ့ တချို့ကိစ္စတွေရှိနေတာကြောင့်သာဖြစ်ပြီး အပြင်က ထင်နေသလိုတစ်ဦးနဲ့ တစ်ဦးကြားမှာသဘောထားကွဲလွဲချက်တွေ၊ကွာဟချက်တွေရှိလို့နှုတ်ထွက်တာ မဟုတ်ဘူးလို့ပြောပါတယ်။
 
ဒါအပြင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကနေနှုတ်ထွက်လိုက်တာဟာ လုံးလုံးလျားလျား ကင်းကွာသွားတာမျိုးမဟုတ်ဘဲ ယူထားတဲ့ တာဝန်တွေကနေ အနားယူလိုက်တာပဲဖြစ်တယ်လို့ဆိုပါတယ်။
 
ဦးမြအေးဟာ ၈၈ ငြိမ်းပွင့်မှာ ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအရေးကိုတာဝန်ယူထားသူလဲ ဖြစ်ပါတယ်။
 
နိုင်ငံရေးပါတီတစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်သွားလိုတာကြောင့် ခုလိုနှုတ်ထွက်လိုက်တာမျိုးလဲမဟုတ်ဘူးလို့ ဦးမြအေးက ပြောပါတယ်။
 
ဦးမြအေးဟာ ရှစ်လေးလုံးဒီမိုရေစီအရေးတော်ပုံကာလမှာ ထွက်ပေါ်လာတဲ့ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာနေထိုင်ခဲ့ရပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။
 
၈၈ ငြိမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေအဖြစ်ပါဝင်ခဲ့သူတွေအနက် ဦးကိုကိုကြီး ၊ ဦးမင်းဇေယျ ၊ ဦးမာကီး စတဲ့ခေါင်းဆောင်တချို့ဟာ နိုင်ငံရေးပါတီတည်ထောင်နိုင်ဖို့ဆောင်ရွက် နေတာကြောင့် လက်ရှိမှာတော့ ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့သာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့ အဖွဲ့အစည်းမှာ ကျန်ရှိနေတာပါ။
 
၃။လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ရဲ့ စုပေါင်းလမ်းလျှောက်ပွဲ
 
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ရဲ့ အားကစားဆိုင်ရာလှုပ်ရှားမှုအဖြစ် ရန်ကုန်တက္ကသိုလ်မှာ ဒီကနေ့ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့ပါတယ်။
 
လူငယ်တွေရာချီပါဝင်ခဲ့တဲ့လမ်းလျှောက်ပွဲကို အဓိပတိလမ်းကနေ ပြည်လမ်း၊ အင်းယားလမ်း နဲ့ တက္ကသိုလ်ရိပ်သာလမ်းတို့ကနေ ရန်ကုန်တက္ကသိုလ်အထိ အားကစားလှုပ်ရှားမှု လုပ်ခဲ့ကြတာဖြစ်ပါတယ်။
 
ဒါ့အပြင် လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ ၊ဘတ်စကတ်ဘောပြိုင်ပွဲ စတဲ့ အားကစားလှုပ်ရှားမှုတွေလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
 
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာလူငယ်တွေ အချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ နဲ့ ကျင့်ဝတ်တန်ဖိုးတွေ အချင်းချင်းမျှဝေပေးနိုင်ဖို့ အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို အတွေးအမြင်ကောင်းတွေနဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ကျင်းပနေတာဖြစ်ပါတယ်။
 
ဒီပွဲတော်မှာ စာပေဆိုင်ရာလှုပ်ရှားမှုတွေ တက္ကသိုလ်အလိုက်ဆန်းသစ်တီထွင်မှုဆိုင်ရာပြခန်းတွေ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြခန်းတွေ ပါဝင်ပြသထားပြီး ဒီဇင်ဘာ ၃ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
 
၎။ စေ့စပ်ပြီးနောက်ပိုင်း ပြည်သူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ ဗြိတိန် တော်ဝင်စုံတွဲ
 
စေ့စပ်ကြောင်းလမ်းမှု အပြီး ပထမဆုံးအကြိမ်အဖြစ် မင်းသား ဟယ်ရီနဲ့ ကြင်ရာတော် မီဂန်မာကယ်လ်တို့ဟာ ဗြိတိန်ပြည်သူတွေ ရှေ့မှောက်ကို ထွက်ပေါ်လာခဲ့ပါတယ်။
 
ဒီဇင်ဘာ ၁ ရက်က အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား တစ်ခု တက်ရောက်ဖို့အတွက် နော်တင်ဟမ်ကို ဟယ်ရီနဲ့ မာကယ်လ်တို့ အတူတကွ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ မြေးတော် ဟယ်ရီဟာ အမေရိကန် ရုပ်မြင်သံကြား မင်းသမီး မီဂန်နဲ့ စေ့စပ်ကြောင်းလမ်းပြီးဖြစ်ကြောင်း နိုဝင်ဘာလထဲမှာ တော်ဝင်မိသားစုက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
 
နော်တင်ဟမ်ကို ရောက်ရှိခဲ့ချိန်မှာ ဒေသခံတွေက ဗြိတိန်နဲ့ အမေရိကန် အလံတွေကို ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြသလို ဟယ်ရီတို့ စုံတွဲကလည်း ပြည်သူတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောခဲ့ပါတယ်။ ဒါဟာ မီဂန် အတွက်တော့ တော်ဝင်မိသားစုဝင် အလောင်းအလျာ အနေနဲ့ ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့မှု ဖြစ်လာပါတယ်။
 
ဟယ်ရီနဲ့ မီဂန်တို့ဟာ လာမယ့်နှစ်၊ မေလကျရင် ဝင်ဆာရဲတိုက်ကြီးမှာ မင်္ဂလာပွဲ ဆင်နွှဲဖို့ စီစဉ်ထားတယ်လို့လည်း သိရှိရပါတယ်။ 
Thursday, December 7, 2017