ပုဇွန်တောင်မြို့နယ်ထဲက လမ်း ၁၅ လမ်းကိုတစ်လမ်းမောင်းလုပ်တော့မယ်

Thu, 2017-12-07 09:59 -- zaythu
ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မကြာခင်မှာ ပုဇွန်တောင်မြို့နယ်အတွင်းက လမ်း ၁၅ လမ်းကို တစ်လမ်းမောင်း စနစ်တွေ လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။
 
လာမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မကြာခင် အကောင်အထည်ဖော်သွားဖို့ ရှိတယ်လို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
 
လက်ရှိ ရန်ကုန်မြို့တွင်းက အနော်ရထာ၊ မဟာဗန္ဓုလလမ်းမကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း အပါအဝင် မြို့တွင်း လမ်းကြားအချို့ဟာ တလမ်းမောင်း စနစ်နဲ့ သွားလာနေတာ ဖြစ်တဲ့အတွက် ပုဇွန်တောင် မြို့နယ်မှာ တစ်လမ်းမောင်း စနစ် လုပ်ဆောင်လိုက်လို့ ပြောင်းလဲသွားမှု ကြီးကြီးမားမား မရှိနိုင်ပေမယ့် အငှားယာဉ်မောင်းတွေအနေနဲ့တော့ ကြိုက်နှစ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၉ မြောက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ ပုဇွန်တောင်မြို့နယ်အတွင်း နှစ်လမ်းမောင်းလမ်းတွေကို တလမ်းမောင်း စနစ် ပြောင်းလဲဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ပုဇွန်တောင် မြို့နယ်အတွင်းက ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ဖို့အတွက် တလမ်းမောင်းစနစ်တွေ ဆောင်ရွက်သွားဖို့ ရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့ပါတယ်။
 
ဝန်ကြီး ဒေါ်နီလာကျော် ဖြေကြားချက်ထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန လမ်းတံတားကနေ လိုအပ်တဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို စိုက်ထူပေးသွားမယ်လို့လဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက်- အလှလေး သူဇာ
Thursday, December 7, 2017