ရခိုင်အရေး မူကြမ်း ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်တဲ့အဆို တူညီဆန္ဒနဲ့ အတည်မပြုနိုင်

Thu, 2017-12-07 10:57 -- zaythu

ရခိုင်ပြည်နယ်အရေးနဲပတ်သက်တဲ့ အဆိုကို ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ က ဒီဇင်ဘာ၆ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပေမယ့် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒနဲ့ အတည်ပြုနိုင်ခဲ့ခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီမှာ အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးကိုခေါ်ယူခဲ့တာပါ။

အဲဒီအစည်းအဝေးမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်တင်သွင်းတဲ့ ရခိုင်ပြည်နယ်ရှိ လူနည်းစုများနဲ မူဆလင် အသိုက်အဝန်းရဲ့  လူ့အခွင့်အရေးနဲ့ ပတ်သက်တဲု့ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အရေးယူဖို့  အဆိုတင်ခဲ့တာပါ။

ဒါပေမယ့် ဒီအဆိုကို လူ့အခွင့်အရေးကောင်စီဝင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပြီး မဲခွဲရာမှာတော့ ထောက်ခံမဲ ၃၃ မဲ ၊ ကန့်ကွက်မဲ ၃ မဲ ၊ ကြားနေမဲ ၉ မဲနဲ့ အတည်ပြု ခဲ့ပါတယ်။ မဲမပေးတဲ့နိုင်ငံကတော့  ၂ နိုင်ငံရှိခဲ့တာပါ။

ဒါကြောင့် အဖွဲ့ဝင် ၄၇ နိုင်ငံရှိတဲ့အထဲက  ၁၄ နိုင်ငံက ထောက်ခံတာမရှိတာကြောင့် ရခိုင်အရေးနဲ့ပတ်သက်တဲ့အဆိုမူကြမ်းကို တူညီဆန္ဒနဲ့  အတည်ပြု နိုင်ခဲ့ခြင်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း က မိန့်ခွန်းပြောဆိုခဲ့ရာမှာ အဆိုမူကြမ်းပါ အချက်တချို့ဟာ  မြန်မာနိုင်ငံရဲ့  အချုပ် အခြာအာဏာကို ထိပါး သကဲ့သို့ ဖြစ်နေကြောင်း၊ ခိုင်မာလုံလောက်သည့် သက်သေများမရှိဘဲ စွပ်စွဲချက်များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း ပြောဆိုခဲ့ပြီး  ARSAရဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ဒီအဆိုမှာ  ရှုတ်ချခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ လက်မခံနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းပြုမည် မဟုတ်ကြောင်း နဲ့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ရှိရှိ၊မရှိရှိ ရခိုင်ပြည်နယ်မှာ  ရင်ဆိုင်နေရတဲ့ကိစ္စတွေကို  ဆက်လက်လုပ်ဆောင်မယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ အဆိုကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြတယ်လို့လဲ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဆိုထားပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Thursday, December 7, 2017

Top News