7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Thu, 2017-12-14 19:09 -- zaythu

 ၁။ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဂျပန်ဆက်ကူညီမယ်
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နိုင်ငံခေါင်းဆောင် နှစ်ဦးရဲ့ ဆွေးနွေးမှု အကြောင်းအရာတွေကို အသေးစိတ် မထုတ်ပြန်သေးပေမယ့် အာဘေးက မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်အပေါ် ဆက်လက် ကူညီ ဖြည့်တင်းပေးဖို့ အာမခံ ကတိပြုခဲ့မယ်လို့ ယုံကြည်ရပါတယ်။
မြန်မာ သမ္မတနဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အာဘေးရဲ့ ကြေညာချက်ကို ထုတ်ပြန်ဖွယ် ရှိနေပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ တခြား အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကို မြှင့်တင် ဖြည့်ဆည်းပေးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အာဘေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း ဆက်လက် ထောက်ခံသွားမယ်လို့ သမ္မတ ဦးထင်ကျော်ကို အသိပေး ကတိပြုခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံခေါင်းဆောင်နှစ်ဦး အမြင်ဖလှယ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့မယ်လို့ ယုံကြည်ရပါတယ်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ နိုင်ငံတကာ ကျန်းမာရေး ဖိုရမ်ကို တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
၂။ လက်ပံတောင်းတောင်အရေး တရုတ်သံရုံးကိုတင်ပြဖို့ ကြိုးပမ်းခဲ့

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း အရေးကို တင်ပြဖို့ အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့ဟာ ဒီကနေ့မှာ ရန်ကုန်မြို့က တရုတ်သံရုံးကို သွားရောက်ပြီး တင်ပြဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးတက်ကြွသူ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး လူဆယ်ဦးကျော်ပါတဲ့ အဖွဲ့ဟာ တရုတ်သံရုံးကို သွားရောက် စာတင်ဖို့ ကြိုးပမ်းခဲ့တာပါ။

တရုတ်သံရုံးကိုတော့ လုံခြုံရေးတိုးမြှင့်ထားတာကိုလည်း တွေ့ရပါတယ်။

တရုတ်သံရုံးကို တင်ပြမယ့်စာကို သံရုံးတာဝန်ရှိသူက ထွက်ယူတာမျိုး မရှိတာကြောင့် ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အဖွဲ့ဟာ စာကို တင်ပြခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မနေ့ကလည်း လက်ပံတောင်းတောင်က ဒေသခံအချို့နဲ့အတူ ဒေါ်နော်အုန်းလှတို့ဟာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့နေအိမ်ကို သွားရောက်ပြီး လက်ပံတောင်းတောင် အရေး တင်ပြဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်အချို့ကို အောက်ခြေမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု မရှိဘူးဆိုပြီး တင်ပြနိုင်ဖို့ တရုတ်သံရုံးကို လာရောက်တာလို့ သိရပါတယ်။
တရုတ်ကုမ္ပဏီ ဝမ်ပေါင်ပါဝင်လုပ်ကိုင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီံမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တာနဲ့ ဒေသခံတွေရဲ့လူမှု ဘဝတွေ နစ်နာတာတွေကြောင့် စီမံကိန်း ရပ်ဆိုင်းပေးဖို့ အတွက် ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပညာရှင်အဖွဲ့က အဲဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တာနဲ့ လူမှုဘဝနစ်နာတာတွေကို ကုစားပေးနိုင်ဖို့ အတွက် စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ထားခဲ့တာပဲ ဖြစ်ပါတယ်။
၃။ လျှပ်စစ်မီတာခနှုန်းထားတွေကို လတ်တလော တိုးမြှင့်ကောက်ခံဖို့ မရှိသေး
ဝန်ဆောင်မှု ကောင်းအောင် မလုပ်ဆောင်နိုင်သေးတာကြောင့် လျှပ်စစ်မီတာခနှုန်းထားတွေကို လတ်တလောမှာ တိုးမြှင့် ကောက်ခံသွားမှာ မဟုတ်သေးဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
လျှပ်စစ်မီတာခတွေကို ပြင်ဆင်သတ်မှတ်တဲ့ အခါမှာလည်း သုံးစွဲတဲ့ ယူနစ်ပမာဏပေါ်မှာ မူတည်ပြီး ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဓာတ်မီးတိုင်တွေမှာ ပင့်ကူမျှင်တွေလို ရှုပ်ပွနေတဲ့ ကြိုးစနစ်တွေကို ပြင်ဆင် တာတွေ၊ ထရန်စဖော်မာ အသစ်တပ်ဆင်တာတွေကို လုပ်ဆောင်ပြီးမှ မီတာခ ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်မယ်လို့ သိရပါတယ်။
အဲဒီလိုပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့ အခါမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တစ်မြို့နယ်ကို ခန့်မှန်းနှစ်လကျော်ကြာ လုပ်ဆောင်ရမှာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လျှပ်စစ်မီးသုံးစွဲနေတဲ့ အိမ်ထောင်စု ၁၃ သန်းကျော် ရှိနေတာပါ။
အစိုးရအနေနဲ့ အများပြည်သူသုံစွဲနိုင်အောင် လျှပ်စစ်ကိုဖြန့်ဖြူ ပေးတဲ့နေရာမှာ ဘဏ္ဍာငွေထဲက နှစ်စဉ် ကျပ်ဘီလီယံနဲ့ချီကာ စိုက်ထုတ်သုံးစွဲနေရတယ်လို့ သိရပါတယ်။
၎ ။ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ နှစ်ဆတိုးလာနိုင်
မြန်မာနိုင်ငံမှာ ၁၅ နှစ်အတွင်း သက်ကြီးရွယ်အို ဦးရေဟာ နှစ်ဆ တိုးလာနိုင်တဲ့ အတွက် ပြင်ဆင်ထားကြဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းမှာ ဝန်ကြီးက ထည့်သွင်း ပြောကြားသွားခဲ့တာပါ။
၂၀၁၅ ခုနှစ်ကနေ ၂၀၃၀ ကြားမှာ သက်ကြီးရွယ်အို ဦးရေဟာ နှစ်ဆခန့်တိုးပွားလာမယ်လို့ ခန့်မှန်းထားတာကြောင့် ပုဂ္ဂလိက ကဏ္ဍတွေမှာ ပင်စင်စနစ်တွေ ဖြစ်ထွန်းလာစေဖို့၊ သက်ကြီးရွယ်အို ဘဝအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ငွေစုဆောင်းကြဖို့နဲ့ သက်ကြီးရွယ်အိုတွေကိုလဲ တတ်နိုင်တဲ့ အလုပ်တွေ ဆက်လုပ်ဆောင်နိုင်ဖို့ အားပေးရမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုဦးရေ က ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
အသက် ၁၄ နှစ်အထိ ဦးရေကတော့ ၂၈ ဒသမ ၆ ရာခိုင်နှုန်း ၊ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အထိ လူဦးရေ က ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေတာပါ။

၅။ စက်ရုပ်စားပွဲထိုးတွေ ဝန်ဆောင်မှု ပေးနေတဲ့ အိန္ဒိယ စားသောက်ဆိုင်

အိန္ဒိယနိုင်ငံက စားသောက်ဆိုင် တစ်ခုဟာ လူသား စားပွဲထိုးတွေ နေရာမှာ စက်ရုပ်တွေကို အစားထိုး အသုံးပြုပြီး ဝန်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံတောင်ပိုင်း၊ ချန်နိုင်းမြို့မှာရှိတဲ့ Robot စားသောက်ဆိုင်မှာ လူတူ စက်ရုပ်တွေက ဖောက်သည်တွေဆီ အစားအသောက်တွေ ပို့ဆောင်ပေးဖို့၊ ညစ်ပတ် ပေရေနေတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ စားကြွင်းစားကျန်တွေကို သိမ်းဆည်းပေးဖို့ အလုပ်လုပ်နေကြတာကို တွေ့နိုင်ပါတယ်။

စားသောက်ဆိုင်ရဲ့ မူလနာမည်ဟာ Momo ဖြစ်ပေမယ့် ဆိုင်ပိုင်ရှင်တွေက နည်းပညာ အသုံးချ ဝန်ဆောင်မှုတွေနဲ့ ဖောက်သည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ရွေးချယ် ဆုံးဖြတ်ပြီးတဲ့နောက် ဆိုင်နာမည်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Robot စားသောက်ဆိုင်မှာ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ် အစားအသောက်တွေကို ရောင်းချပေးနေပြီး စားပွဲတိုင်းမှာ ထားရှိတဲ့ Phone Tab တစ်ခုစီကနေ အလိုရှိရာကို မှာယူရုံပါပဲ။ အဲဒီနောက်မှာတော့ စားကောင်းသောက်ဖွယ်တွေကို စက်ရုပ် စားပွဲထိုးတွေက လာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လာရောက်သုံးဆောင်သူတွေက စက်ရုပ်တွေရဲ့ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ပုံကို တအံ့တဩ ဖြစ်မိကြောင်း ချီးကျူးပြောဆိုကြပါတယ်။

အခုဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတချို့မှာ စက်ရုပ်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ပိုမို များပြားလာနေပါပြီ။ လေ့လာသူတွေရဲ့ အဆိုအရ နောက်ထပ် သုံးနှစ်တာအတွင်း လုပ်ငန်းသုံး စက်ရုပ်တွေအပေါ် တောင်းဆိုမှုတွေ အရှိန်အဟုန်နဲ့ ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း သိရှိရပါတယ်။ 

Thursday, December 14, 2017