မက္ကဆီကိုမှာ ကမ္ဘာ့အရှည်ဆုံး ရေအောက်ဥမင်တစ်ခု ရှာတွေ့

Thu, 2018-01-18 11:04 -- zaythu

ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ရေအောက် ဥမင်ကြီးကို မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
 ရှေးဟောင်း မာယာယဉ်ကျေးမှုတွေရဲ့ ယဉ်ကျေးမှု ထုံးစံတွေကို လေ့လာတဲ့ ပရောဂျက်နဲ့ ဆက်စပ်ပြီး ၃၄၇ ကီလိုမီတာ ရှည်လျားတဲ့ ရေအောက် ဥမင်ကြီးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ဖော်ထုတ် တွေ့ရှိဖူးသမျှ ရေလွှမ်းနေတဲ့ မြေအောက် ဥမင်တွေထဲမှာ အရှည်ဆုံးလို့ ပညာရှင်တွေက ပြောပါတယ်။

 တူလွမ် အပန်းဖြေ ကမ်းခြေအနီးက ရေအောက်ဂူ တစ်ခုကို ရှာတွေ့ရာက အခုလို ရှည်လျားတဲ့ သဘာဝ ဥမင်ကြီးကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်အက်တွန်လို့ နာမည်ပေးထားတဲ့ ရေအောက်ဥမင်ကြီးဟာ ရေအောက်လှိုဏ်ဂူ နှစ်ခုကို ဆက်စပ်နေတာပါ။
 
အဲဒီဒေသဟာ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အကျယ်ပြန့်ဆုံး ထွန်းကားခဲ့တဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။ 

Thursday, January 18, 2018